မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ခြင်းစာအုပ် ထိုင်းမှာထုတ်ဝေ
မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး တပ်ဖွဲ့တွေအကြား တိကျတဲ့နယ်မြေသတ်မှတ် မှုတွေ မရှိသေးတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ တိုးမြင့် လာတဲ့အတွက် ငြိမ်းချမ်းရေး ကို နှောင့်နှေးနေရတဲ့ အကြောင်း ပြုစုရေးသားထားတဲ့ စာအုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာငြိမ်း ချမ်းရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ဝေဖြန့်ချိ လိုက်ပါတယ်။
-
2014-05-07 -
-
-
မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား တိကျတဲ့နယ်မြေသတ်မှတ်မှုတွေ မရှိသေးတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ တိုးမြင့်လာတဲ့အတွက် ငြိမ်းချမ်းရေး ကို နှောင့်နှေးနေရတဲ့အကြောင်း ပြုစုရေးသားထားတဲ့ စာအုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာငြိမ်း ချမ်းရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ဝေဖြန့် ချိလိုက်ပါတယ်။
ဒီစာအုပ်ထုတ်ဝေရတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသား သတင်းထောက် များအသင်း FCCT ရုံးခန်းမှာ ဒီနေ့မနက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်ခြင်း ၂၀၁၄ ဆိုတဲ့ စာအုပ်ကို မိတ်ဆက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဟာ နှစ်ဖက်သဘောတူညီချက်မူတစ်ခု (Single Text) ရရှိဖို့ အလေးထားဆောင်ရွက်နေတာကို တွေ့နေ ရပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေရတာဟာ အဓိကအကြောင်းရင်းနှစ်ခုကြောင့်လို့ မြန်မာငြိမ်းချမ်းရေး စောင့် ကြည့်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းလိတ် က ပြောဆိုပါတယ်။
“တစ်ချက်ကတော့ code of conduct ပေါ့။ အစိုးရနဲ့ ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြားထဲမှာ အဲ့ဒါက သတ်သတ်မှတ်မှတ် မဆွေးနွေးရသေးတဲ့ အခါကျတော့ နယ်မြေတွေက ထပ်နေပါတယ်၊ သူ့ နယ်မြေ၊ ကိုယ့်နယ်မြေတွေ ရှုတ်ထွေးမှု ဖြစ်တဲ့အခါကျတော့ ထိတွေ့မှုတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေ မကြာခဏဖြစ် ပါတယ်။ ဒါက တစ်ချက်ပါ။ နောက်တစ်ချက်ကတော့ အစိုးရဘက်က အကြောင်းပြတာ ကတော့ တရားမဝင်တဲ့ စီးပွားရေးတွေ အဲ့ဒီဒေသတွေမှာ ဖြစ်နေတယ်။ အထူးသဖြင့်တော့ သစ်ထုတ် လုပ်ငန်း တို့ပေါ့နော်၊ ဒါမျိုးတွေ ဖြစ်နေတဲ့ဟာအတွက် အဲ့ဒါတွေကို နှိမ်နင်းဖို့ဆိုပြီးတော့မှ အစိုးရတပ် ကနေပြီးတော့ တိုင်းရင်းသား နယ်မြေ ဝင်တာရှိပါတယ်၊ တိုင်းရင်းသားတွေဘက် က ပြန်ပြောတာ ကြတော့ သူတို့ရဲ့နယ်ကို အကြောင်းမကြား ဘာမကြားပဲနဲ့ ဒီလိုဝင်လာတဲ့ အတွက်ကြောင့်မိုလို့ တိုက်ပွဲတွေကဖြစ်ရတယ်ဆိုပြီးတော့ ပြောကြတာမျိုးတော့ ရှိပါတယ်။ ဆွေးနွေး ပွဲတွေကတော့ ဆက်ပြီးတော့ ဖြစ်နေတယ်။ ဒါကတော့ အပေါင်းလက္ခဏာဆောင်တယ် လို့တော့ ပြော လို့ရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တိုက်ပွဲတွေက ဆက်ဖြစ်နေသေးတယ်ဆိုတဲ့အခါကျတော့ ထင်သလောက်ကြီး မရောက်သေးဘူးလို့တော့ ပြောလို့ရပါတယ်”
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်ရှိနေပေမယ့်လည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးပုန်းရှောင်နေရဆဲဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ပဋိပက္ခတွေ တစ်နိုင်ငံလုံးမှာဖြစ်ပွားခဲ့အတွက် လူပေါင်း သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း လည်း ဖော်ပြထားပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ယုံကြည်မှု အားနည်းသေးတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားရတာလို့ ပြည်ထောင်စုသိပ္ပံအဖွဲ့က ဦးဆောင်ညွန်းကြားရေးမှူး ဦးခွန်ဆိုင်းကလည်း RFA ကို ပြောဆိုပါတယ်။
“အခုလောလောဆယ်ကတော့ နှစ်ဘက်စလုံးက တစ်ဘက်ကိုတစ်ဘက် သံသယအများကြီး ရှိနေတုန်းပဲ၊ မယုံကြည်ကြဘူး။ အထူးသဖြင့် ဒီအစိုးရဘက်ကတော့ ပိုမယုံဘူးလို့ ကျနော်ထင်တယ်။ ဒီ တပ်မတော် ဘက်ကပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က နှစ်ပေါင်း ၅၀ ကျော် မတရားလုပ်ခဲ့တယ်ဆိုတော့၊ ဘာဖြစ်လဲ ဆိုတော့ ကိုယ့်ကိုမတရားလုပ်တဲ့လူတွေ ကိုယ်ကခွင့်လွတ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်မတရား လုပ်တဲ့ လူကိုတော့ ကိုယ်ခွင့်မလွတ်နိုင်ဘူးဆိုတဲ့ ရှေးရိုးစကားတွေရှိတယ်၊ ဒါကြောင့်မိုလို့ ဒီကိစ္စဟာ ကျနော်တို့ ဖြေရှင်းမယ် ဆိုလို့ရှိရင် တပ်မတော်ထဲမှာလည်း အကုန်လုံး ဒီလိုသဘောထားရှိတဲ့ လူတွေချည်းပဲ မဟုတ်ဘူး။ တကယ် တိုင်းပြည်ကို အေးချမ်းစေချင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပဲ အဲ့လူတွေက ဒီအခြေအနေကို ပြန်ပြီးတော့မှ ထိန်းသိမ်းနိုင်ပါစေလို့။ ထိန်းသိမ်းနိုင်လို့ရှိရင်တော့ ကျနော်တို့ရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချူပ်ကို မြန်မြန်ချုပ်နိုင်မယ် ။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်”
ဒီကနေ့ ထုတ်ဝေလိုက်တဲ့ စာအုပ်ထဲမှာ မြန်မာ့ငြိမ်းချမ်းရေး သုံးသပ်ချက်တွေအပြင် ၂၀၁၄ ငြိမ်းချမ်းရေးစီမံချက် သစ်အကြောင်း၊ ပြည်တွင်းပြည်ပက လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အသေးစိတ် အချက်အလက် စတာတွေ ကိုလည်း ဖော်ပြထားပါတယ်။