နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအရေး ဦးစားပေးဆွေးနွေးဖို့ တိုက်တွန်း
အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေ ရတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့အရေးကို ဦးစားပေးဆွေးနွေးနိုင်ဖို့လိုအပ်ကြောင်း ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေ က တိုက်တွန်းပြောကြားလိုက်ပါတယ်။
-
2016-02-17 -
-
-
Your browser doesn’t support HTML5 audio
အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တိုက်ပွဲတွေကြောင့် နေ ရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့အရေးကို ဦးစားပေးဆွေးနွေးနိုင်ဖို့လိုအပ်ကြောင်း ပထမ အကြိမ် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က ယုဒဿန်ခန်းမမှာ ကျင်းပတဲ့ “မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မျှဝေရှင်းလင်းခြင်း” ဆွေးနွေးပွဲမှာ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ ဦးကျော်လင်းဦး က ပြောတာဖြစ်ပါတယ်။
"ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်တဲ့အဖွဲ့ ၈ ဖွဲ့က ကိုယ်စားပြုတဲ့ အသံတွေအားလုံးဟာလည်း သူတို့နယ်မြေဒေသမှာရှိတဲ့ IDP ကိစ္စတွေပဲ များသောအားဖြင့် ဦးစားပေးဆွေးနွေးတာဖြစ်တဲ့အတွက် အခုနောက်မှပေါ်လာတဲ့ IDP ကိစ္စ ကချင်၊ ရှမ်းမြောက်နဲ့ ရခိုင်မှာဖြစ်နေတဲ့ IDP ကိစ္စကိုတော့ ဆွေးနွေးနိုင်တဲ့ အနေအထားမျိုးမရှိဘူး၊ နောက်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒီ့ထက်ပိုပြီးတော့ နက်ရှိုင်းတဲ့ နောက် ဆက်တွဲလုပ်ငန်းစဉ်တွေပါတဲ့ ဆွေးနွေးမှုတွေ ပိုပြီးရှိလိမ့်မယ်လို့ထင်ပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်းအရာတွေကို ဆုံးဖြတ်ချက်မချနိုင်ကြတဲ့အတွက် လာမယ့်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ညီလာခံမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
လက်တလော ရခိုင်ပြည်နယ်မှာ AA ရခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ RCSS/SSA တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချင်းချင်းတို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီရှိနေပါတယ်။
အဲဒီထဲမှာ ကျောင်းသူကျောင်းသားတွေ ပညာရေးအခက်အခဲတွေ ကြုံနေကြရသလို တိုက်ပွဲတွေကြောင့် သေဆုံး ရတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူတွေရဲ့ အတေ့ွအကြုံတွေကို ပြန်လည်မျှဝေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ပါဝင်ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။
ဦးကျော်လင်းဦးကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။