ငြိမ်းချမ်းရေး လမ်းလျှောက်သူများ စစ်ကိုင်းမြို့ ဆိုက်ရောက်

ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သူတွေအဖွဲ့ ဟာ မန္တလေးမြို့မှာ ၂ ရက်ကြာ နားနေပြီးနောက် ဒီကနေ့ နေ့လည်ပိုင်း မှာ စစ်ကိုင်းတိုင်းဒေသကို ဆက်လက်ခရီးထွက်ခွာ ခဲ့ကြပါတယ်။

အဲဒီအဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးမှာ အောင်မြေနင်းခဲ့ပြီး သံဃာတော်တွေနဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့နဲ့အတူ ငြိမ်းချမ်းရေး ချိုးဖြူငှက်တွေ လွတ်ခဲ့ပါတယ်။

လိုင်ဇာမြို့အထိ လမ်းလျှောက်မယ့် အမာခံလူဦးရေ ၅၆ ယောက်နဲ့ သံဃာတော် ၁၆ ပါးကို မန္တလေးမြို့ထွက်တဲ့အထိ ဒေသခံပြည်သူတစ်ရာကျော်က လိုက်ပါနှုတ်ဆက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းကိုအဝင်မှာ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရတာဟာ တခြားနယ်မြေတွေမှာထက် ပိုမိုပွင့်လင်းလာတယ်လို့ လမ်းလျောက်ရာမှာပါဝင်တဲ့ ကိုရန်နိုင်ထွန်းက RFA ကို အခုလို ပြောပါတယ်။

"ထူးခြားတာကတော့ စစ်ကိုင်းတိုင်းအဝင်မှာ ကျွန်တော်တို့အပေါ်မှာ အာဏာပိုင်တွေက သဘောထားကြည်လင်လာမှုပဲဗျ၊ အမိန့်တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိတော့ပါဘူး၊ သူတို့ကိုယ်တိုင် အားပေးတယ်၊ အလှူငွေတွေ ထည့်သွားတယ်၊ ပြီးတော့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တဲ့ အချက်လေးချက်ကိုသာမလုပ်ဖို့ ကျွန်တော်တို့နဲ့ ညှိနှိုင်းခဲ့တယ်"

လမ်းလျှောက်သူတွေအဖွဲ့ဟာ ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိလာပေမယ့် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် စိတ်ဓါတ်ရေးရာအရ ခိုင်မာနေဆဲပဲလို့ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အဓိကကျတဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့ကိုထောက်ခံအားပေးကြဖို့လိုတယ်လို့လဲ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့ ဆယ်မိုင်ဝေးတဲ့ အုန်းတောရွာမှာ ဒီနေ့ ညအိပ်ရပ်နားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org