မြင်းခြံငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ လိုင်ဇာဒုက္ခသည်တွေကို သွားရောက်ကူညီ

ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် မနေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရောက်နေတဲ့ မြင်းခြံမြို့က လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီနေ့ လိုင်ဇာအနီးရှိ ဒုက္ခသည် စခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အလှူငွေတွေပေး အပ်ခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့က လိုင်ဇာမြို့ကို ရောက်ရှိလာတဲ့ မြင်းခြံ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို လိုင်ဇာမြို့လူထုက ကြိုဆိုခဲ့ကြစဉ် photo: RFA/ Kyaw Myo Min

ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် မနေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရောက်နေတဲ့ မြင်းခြံမြို့က လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီနေ့ လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။

ကိုသန့်ဇင် ဦးဆောင်တဲ့ မြင်းခြံမြို့ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူတွေဟာ မနေ့ညနေပိုင်းမှာ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ လိုင်ဇာမြို့ကို ရောက်လာပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေကို  ကြိုဆိုကြတဲ့ လိုင်ဇာမြို့လူထုနဲ့အတူ ကြိုဆိုပွဲအခမ်းအနားမှာ ပြောဆိုခဲ့ကြပါတယ်။

ဒီနေ့မနက်မှာတော့ ဂျယ်ယန်၊  ဖုံလုံယန်နဲ့ လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းတွေကို သွားပြီး ဒုက္ခသည် (၃) သောင်းလောက်အတွက် အလှူငွေကျပ်သိန်း ၁၄၀ လှူဒါန်းခဲ့တဲ့အကြောင်း ကိုသန့်ဇင်က RFA ကိုပြောပါတယ်။

“မနက်က ဒုက္ခသည်စခန်း ၂ ခုကို သွားခဲ့ပြီးတော့မှ ထမင်းစားပြီး အိုင်ဒီပီ ဒုက္ခသည်စခန်း ကော်မတီရုံးကို သွားပြီးတော့မှ ကျနော်တို့ အလှူငွေတွေ ပေးအပ်ခဲ့တယ်ဗျ၊ ကော်မီတီဥက္ကဌဆီကို ကျပ်သိန်း ၁၄၀ ပေးအပ်ခဲ့တယ်၊ မြင်းခြံမြို့က မြို့မိမြို့ဖတွေက ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် အလှူငွေကျပ်သိန်း ၃၀ ရယ် ကျနော်တို့မြင်းခြံကနေ စထွက်ခွါလာတဲ့ အချိန်ကနေ လိုင်ဇာအထိ လမ်းဘေးဝဲယာက မြို့မိမြို့ဖတွေပေါ့ဗျာ၊ ပြည်သူတွေကနေပြီးတော့ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် လှူဒါန်းလိုက်တဲ့ အလှူငွေတွေပါဗျ”

အဲဒီအလှူငွေတွေကို ငြိမ်းချမ်းရေးသင်္ကေတ၊ ကချင်စစ်ပြေးရပ်ဆိုင်းလိုတဲ့ သင်္ကေတ၊ နောက်ကချင်ဒုက္ခသည်တွေရဲ့ဒုက္ခဟာ  ပြည်မကပြည်သူတွေလည်း ထပ်တူခံစားရတယ်ဆိုတဲ့ သင်္ကေတတွေအဖြစ်နဲ့ ကချင်ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မီတီကို ပေးအပ်ခဲ့တာဖြစ်ပြီး ဒုက္ခသည်တွေကိုလည်း အားပေးစကားပြောခဲ့တယ်လို့ ကိုသန့်ဇင်က ပြောပါတယ်။

မနက်ဖြန်မှာတော့  ကေအိုင်အိုအဖွဲ့က လူကြီးတွေနဲ့တွေ့ဖို့ စီစဉ်ထားပြီး  မတ်လ ၁၆ ရက်နေ့မှာ လိုင်ဇာကပြန်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သူတို့အဖွဲ့အနေနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းစေချင်ပြီး နိုင်ငံရေးအရ အစိုးရကမှန်မှန်ကန်ကန် ဖြေရှင်းပေးစေလိုတယ်လို့လည်း  ကိုသန့်ဇင်က ပြောပါတယ်။

“လိုင်ဇာမှာဖြစ်ပွါးတဲ့ စစ်ပွဲတွေကနေပြီတော့မှ ငြိမ်းချမ်းရေးအသံ တပြည်လုံးကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်၊ တပြည်လုံးက ပြည်သူတွေက ငြိမ်းချမ်းရေးကို ကချင်ပြည်သူတွေနဲ့အတူ ထပ်တူထပ်မျှအလိုရှိနေကြတယ်၊ အဲဒါအတွက် ကျနော်တို့ဟာ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အစိုးရကနေပြီးတော့ အလျှင်အမြန် အကောင်အထည်ဖေါ်စေချင်တယ်၊ လူမျိုးစုပေါင်းစုံ နိုင်ငံရေးအင်အားစုပေါင်းစုံတပ်မတော် ကိုယ်စားလှယ်တွေပါဝင်တဲ့ ညီလာခံတစ်ရပ်ကို  အလျှင်အမြန်ခေါ်ပြီးတော့မှ တိုင်းရင်းသား လူမျိုးစုတွေလိုလားနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ပေးနိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုအရေးကို ဆွေးနွေးပြီးတော့မှ ငြိမ်းချမ်းရေကို အခိုင်အမာ တည်ဆောက်စေချင်တယ်လို့ ကျနော်တို့အနေနဲ့ ပြောလိုပါတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း  ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး  လိုင်ဇာကိုရောက်လာတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့အဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို ဆေးပစ္စည်းတွေ အကူအညီပေးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ရန်ကုန်မြို့ကနေ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေတဲ့ အဖွဲ့တဖွဲ့လည်း ကချင်ပြည်နယ် မြို့တော်၊ မြစ်ကြီးနားကို ရောက်နေပြီး ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကို ဆက်လက်လမ်းလျှောက်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org