ဖမ်းဆီးခံရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တစ်ဦးကို အာမခံပေး

သံချပ်စာသားတွေကို ဆင်ဆာမတင်ဘဲ သြင်္ကန်ကာလအတွင်း ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပြီး ဒီနေ့ အဖွဲ့ဝင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးထဲက မကေခိုင်ထွန်း ကို ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ် Photo: Kyaw Lwin Oo/RFA

သံချပ်စာသားတွေကို ဆင်ဆာမတင်ဘဲ သြင်္ကန်ကာလအတွင်း ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ တပ်မတော်က တရားစွဲဆိုလိုက်ပြီး ဒီနေ့ အဖွဲ့ဝင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဖျော်ဖြေရာမှာ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က မရမ်းကုန်းမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

တပ်မတော်က ဦးတိုက်လျှောက်ထားတာကြောင့် တရားရုံးက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုသင့်တယ်လို့ ဆုံးဖြတ်လိုက်ကြောင်း မရမ်းကုန်းမြို့နယ်တရားရုံး ပြန်ကြားရေးတာဝန်ခံ ဒေါ်သန်းသန်းဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ပါဝင်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်မျိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်းတို့ကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုဖို့ ဆုံးဖြတ်လိုက်တာပါ။

သံချပ်အဖွဲ့ဝင် ၅ ဦးထဲက အလုံမြို့နယ် ဟယ်ပင်ကလေးဆေးရုံမှာ အလုပ်လုပ်နေတဲ့ သူနာပြု မကေခိုင်ထွန်းကို မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ငွေကျပ်သိန်းတစ်ရာနဲ့ အာမခံနိုင်သူ ၂ ဦးနဲ့ အာမခံပေးလိုက်ပါတယ်။ မကေခိုင်ထွန်းကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပထမဆုံး ရုံးချိန်းချိန်းဆိုထားပါတယ်။

သံချပ်အဖွဲ့တွေကို အခုလို ပုဒ်မတွေနဲ့တရားစွဲဆိုတာ မဖြစ်သင့်ဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ မရမ်းကုန်းမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့လည်း တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ တပ်မတော်က ဒီသံချပ်အဖွဲ့တွေအပေါ် တရားစွဲဆိုတာကို ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည်လေ့လာရေးအဖွဲ့ HRW က တောင်းဆိုထားပါတယ်။

အဲဒီလိုတောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တပ်မတော်က ထပ်မံစွဲဆိုလိုက်တာပါ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုကျော်ဇောဝင်းတို့ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org