စစ်တပ်သိမ်းမြေပြန်ပေးဖို့ ပဲခူး တောင်သူတွေ ဆန္ဒပြ
တပ်မတော်က သိမ်းဆည်းထားတဲ့ လယ် ယာမြေဧက ၄ထောင်ကျော် ပြန်လည်ရရှိဖို့ အတွက် တောင်သူ ၃၀ လောက်က ဒီနေ့ ပဲခူးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2016-07-06 -
-
-
တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄ထောင်ကျော် ပြန်လည်ရရှိဖို့အတွက် တောင်သူ ၃၀ လောက်က ဒီကနေ့ ပဲခူးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
အသိမ်းခံရတဲ့ လယ်ယာမြေတွေကို အစိုးရသစ်လက်ထက်မှာ ပြန်ပေးနေတဲ့သတင်းတွေ ကြားနေ တာကြောင့် မြေပြန်လည်ရရှိဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ တောင်သူ ဒေါ်ငြိမ်းတင် က ပြောပါတယ်။
"လယ်မြေဧက လေးထောင်ကျော်ကို သိမ်းတာပေ့ါနော်၊ အဲ့တုန်းက နိုင်ငံတော်က ဒီမှာတပ်လာချမယ်ဆိုပြီးတော့ လယ်သမားတွေ အကုန်ဖယ်ပေါ့နော်၊ နိုင်ငံတော်ကဆိုတော့ လယ်သမားတွေက အကုန်ကြောက်ပြီး အကုန်ဖယ်တာပေါ့နော်၊ စပါးတွေကို အမြန်သိမ်း ရိတ်သွင်းပြီးတော့ ရွှေ့ကြတာပေါ့၊ အခုလယ်တွေကို အစိုးရကပြန်ပေးတယ်ဆိုတော့ ကျမတို့ကလည်း ကိုယ့်လယ်မြေလေး ကိုယ်ရချင်တာပေါ့"
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပျဉ်ပုံကြီးကျေးရွာမှာ လယ်ယာမြေဧက ၄ ထောင်ကျော်ကို လွန်ခဲ့တဲ့၂၅ နှစ်လောက် က တပ်ရင်းတိုးချဲ့အခြေချဖို့အတွက် သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
အဲ့ဒီနောက် သိမ်းယူထားတဲ့ မြေတွေမှာ တခြားတောင်သူတွေကို တစ်နှစ်အတွက် တစ်ဧကကို ငွေကျပ် ၅ သိန်းနှုန်း နဲ့ သီးစားချငှားရမ်းထားတယ်လို့လည်း ဆန္ဒပြတောင်သူတွေက ပြောပါတယ်။