ပုဒ်မ ၆၆(ဃ) နဲ့ သတင်းမီဒီယာ ဥပဒေကို ပြင်ဆင်ပေးဖို့ Pen Myanmar တောင်းဆို
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ သတင်းမီဒီယာဥပဒေ တို့ကို သတင်း သမားတွေ အပါအဝင် အများပြည်သူရဲ့ သဘောထား မှတ်ချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့နဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့အမှုတွေ ကို ပိတ်သိမ်းပေးဖို့ Pen Myanmar အဖွဲ့က ဒီနေ့ ကြေညာ ချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
-
2016-11-15 -
-
-
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ သတင်းမီဒီယာဥပဒေ တို့ကို သတင်းသမားတွေ အပါအဝင် အများပြည်သူရဲ့ သဘောထားမှတ်ချက်ရယူပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ပြင်ဆင်သုံးသပ်ပေးဖို့နဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့အမှုတွေကို ပိတ်သိမ်းပေးဖို့ Pen Myanmar အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
သတင်းမီဒီယာဥပဒေ အားမကောင်းတာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို သတင်းမီဒီယာ သမားတွေအတွက် အသုံးပြုလာတယ်လို့ သုံးသပ်တဲ့အတွက် ဒီဥပဒေ ၂ ခုကို ပြင်ဆင်ဖို့ တောင်းဆိုရတာဖြစ် တယ်လို့ Pen Myanmar အဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း) က ပြောပါတယ်။
"အစိုးရကော၊ တပ်မတော်ကော တခါမီဒီယာကိုယ်တိုင် အဲ့လူတွေအကုန်လုံးက အချင်းချင်းကြားမှာ ထိခိုက်နစ်နာအောင်လို့ ချက်ခြင်းကြီး အဖမ်းခံရအောင်ဆိုတဲ့ ပုံစံနဲ့ ဒီဥပဒေကို အလွယ်သုံးလာတာက တစ်ကြောင်း နောက်တစ်ကြောင်းကကျတော့ ဒီဥပဒေကို မီဒီယာသမားတွေအတွက် သုံးတဲ့အသုံးမှာ သတင်းမီဒီယာဥပဒေရဲ့ အားမကောင်းမှု၊ သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍက လုံလောက်တဲ့ သြဇာနဲ့ လုပ်ပိုင်ခွင့်မရှိမှု ဒါတွေဟာ ဆက်စပ်နေတယ်လို့ ယူဆတာကြောင့် ကျမတို့က နှစ်ခုလုံး ကို ပြန်လည်သုံးသပ်ဖို့အတွက် တောင်းရတာဖြစ်ပါတယ်။" လို့ ပြောပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အဲဒီဥပဒေနဲ့ တရားစွဲခံရသူ ၇ ဦးရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ ၇ လအတွင်း ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုတဲ့ အမှုပေါင်း ၂၉ မှုအထိ ရှိလာတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို လက်နက်သဖွယ် အသုံးပြုလာတာဟာ အန္တရာယ်ရှိတယ်လို့ ယူဆ တာကြောင့် အများပြည်သူသဘောထားနဲ့အညီ ပြင်ဆင်ဖို့ တောင်းဆိုပေးသင့်တယ်လို့ စာရေးဆရာမ မသီတာ (စမ်းချောင်း) ကပြောပါတယ်။
ဒါ့အပြင် သတင်းမီဒီယာဥပဒေမှာ အားနည်းချက်တွေရှိတာကြောင့် သတင်းသမားတွေကို တရားစွဲဆိုရာမှာ တရားစွဲဆိုသူဘက်ကလည်း အဲဒီဥပဒေကို အသုံးပြုမှုမရှိကြောင်းနဲ့ တရားစွဲဆိုခံရသူတွေအနေနဲ့လည်း သတင်းမီဒီယာဥပဒေအရ အကာအကွယ်ရယူနိုင်မှုမရှိတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
သတင်းမီဒီယာဥပဒေရဲ့ အားနည်းချက်တွေထဲမှာ သတင်းမီဒီယာကောင်စီကို မီဒီယာသမားတွေ ကိုယ် တိုင် ရွေးကောက်တင်မြှောက်နိုင်ခြင်းမရှိသလို နည်းဥပဒေမှာ တိုင်ကြားနိုင်သည်ဆိုတဲ့ စကားရပ်ကြောင့် မတိုင်ကြားဘဲ တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးတွေရှိနေတာဖြစ်တယ်လို့ ဒီနေ့ ကြေညာချက်မှာ ထည့် သွင်းဖော်ပြထားပါတယ်။