ရက် ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ပေးတဲ့ အစီအစဉ်ကို ဝေဖန်ကန့်ကွက်နေ

ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ရမယ့် အစီအစဉ်ကြောင့် ဒေသခံပါတီတွေ နစ်နာနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီတချို့နဲ့ ကချင်ပြည်နယ် ပြည်သူအများအပြားက ကန့်ကွက်ကြပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ -၁၀(က)ကို ကချင်အမျိုးသားကွန်ဂရက် KNC ပါတီဦးဆောင်ပြီး ၂၀၂၀ မတ် ၉ရက်နေ့က မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံမှာ ဆန္ဒပြကြစဉ် Photo: Elizabeth/ RFA

ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ရမယ့် အစီအစဉ်ကြောင့် ဒေသခံပါတီတွေ နစ်နာနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီတချို့နဲ့ ကချင်ပြည်နယ် ပြည်သူအများအပြားက ကန့်ကွက်ကြပါတယ်။

နေရာသစ်မှာ ရက်ပေါင်း ၉၀ ကြာ နေထိုင်လာသူတချို့ကတော့ ဒီအစီအစဉ်ကြောင့် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမယ်လို့ မယူဆကြပါဘူး။

ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ ကိုယ်ရောက်နေတဲ့ဒေသမှာ မဲပေးခွင့်ရရှိတယ်ဆိုတဲ့ နည်းဥပဒေကြမ်းဟာ လာမယ့် ရွေးကောက်ပွဲမှာ ဒေသခံပါတီတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်လို့ ပယ်ဖျက်သင့်တယ်လို့ မြစ်ကြီးနားမြို့ ဒေသခံ ဒေါ်နန်းဇိန်းထန်ထုက ပြောပါတယ်။

ဒီဥပဒေကြမ်းဟာ တိုင်းရင်းသားပါတီတွေအတွက်ပဲ ထိခိုက်နိုင်တာ မဟုတ်သလို တသီးပုဂ္ဂလ ဝင်ပြိုင်မယ့် သူတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်မယ့် ပါတီကြီးတွေအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ဦးချန်ထန်ခင်က ပြောပါတယ်။

မူလပြဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က) မှာ၊ ရွှေ့ပြောင်းသွားလာ နေထိုင်သူတွေအနေနဲ့ ကိုယ်ရောက်နေတဲ့ဒေသမှာ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်မှသာ မဲပေးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပြဌာန်းချက်ကို ရက်ပေါင်း ၉၀ လို့ ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာပါ။

အခုလို နိုင်ငံရေးသမားတချို့နဲ့ ဒေသခံတွေက စိုးရိမ်ပြီး ကန့်ကွက်ကြပေမယ့်လည်း ဝိုင်းမော်မြို့နယ် ငှက်ပျောခြံမှာ လာရောက်လုပ်ကိုင်နေတဲ့ ကိုမင်းမင်း ကတော့ ရွေးကောက်ပွဲကာလမှာ စစ်ကိုင်းတိုင်းကိုပြန်ပြီး နေရပ်ရင်းက လွှတ်တော်အမတ်လောင်းတွေကိုသာ ရွေးချယ်မဲပေးမယ်လို့ ပြောပါတယ်။

ရွေ့ပြောင်းအလုပ်သမားတွေ ရောက်နေတဲ့နေရာမှာ  မဲပေးဖို့အခွင့်အရေးရှိတယ်ဆိုရင်တောင် မဲရုံကိုသွားဖို့ ခက်ခဲနေတတ်တယ်လို့ အခက်အခဲရှိတယ်လို့လည်း  ငှက်ပျောခြံမှာ အလုပ်လုပ်နေတဲ့ စစ်ကိုင်းတိုင်း ကျေးလက်ဒေသတခုက ဒေါ်မျိုးမျိုးက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်၊ ဖားကန့်၊ ချီဖွေ၊ တနိုင်း အစရှိတဲ့ မြို့နယ်တွေမှာ မြန်မာပြည်အနှံ့က ရွှေ့ပြောင်းအလုပ်သမား  နှစ်သိန်းခန့် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org