အမေရိကန်အစိုးရက ဗီဇာရုပ်သိမ်း၍ ဝိုင်းစုခိုင်သိန်းတို့အဖွဲ့ ထွက်သွားရပြီ

အမေရိကန်ပြည်ထောင်စုမှာ တေးဂီတဖျော်ဖြေဖို့ ရောက်လာခဲ့တဲ့ Ovation တေးဂီတအဖွဲ့နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဟာ အမေရိကန် ပြည်ထောင်စု လူဝင်မှု ကြီးကြပ်ရေးဌာနက သူတို့ရဲ့ နေထိုင်ခွင့် ဗီဇာကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် အောက်တိုဘာ ၁၁ ရက် မနေ့ကနဲ့ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ နှစ်သုတ်ခွဲပြီး မြန်မာပြည်ကို ပြန်လည် ထွက်ခွာသွားကြပြီလို့ သတင်းရရှိပါတယ်။

စစ်အစိုးရ၏ ဝါဒဖြန့် ‘အရုဏ်ဦးမှာ ဖူးသည့်ကြာ’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်း ပါဝင်သည့် ဖျော်ဖြေပွဲကို လော့အိန်ဂျယ်လိစ်မြို့တွင် စက်တင်ဘာ ၁၁ ရက်နေ့က ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေသည့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ဖြစ်ပါသည်။ (Photo Courtesy of LA Organizers) (Photo Courtesy of LA Organizers)

ဒီဖျော်ဖြေရေးအဖွဲ့ကို အမေရိကန်အစိုးရက အောက်တိုဘာ ၈ ရက်နေ့မှာ ဗီဇာရုပ်သိမ်းခဲ့တဲ့အတွက် မြန်မာပြည်ကို အခုလို ပြန်လည် ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

အခု ဖျော်ဖြေရေးအဖွဲ့မှာပါဝင်တဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းဟာ မြန်မာစစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့် ရုပ်ရှင်ဖြစ်တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာနိုင်ငံသားတွေက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြတဲ့အပြင် သူတို့ကို ဗီဇာအာမခံ ပေးခဲ့တဲ့ ဆရာတော်က ဗီဇာရုပ်သိမ်းပေးဖို့ အမေရိကန်အစိုးရကို တင်ပြခဲ့ပြီးနောက် အခုလို ဗီဇာ ပယ်ဖျက်ခံရတာလို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ့အရေး လှုပ်ရှားသူ ကိုညီညီအောင်က မြန်မာပြည် ဒီမိုကရေစီရရှိရေးကို ကမ္ဘာ့နိုင်ငံတွေက ကူညီပံ့ပိုးနေကြောင်း အခု အဖြစ်အပျက်ကနေ သက်သေပြလိုက်တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အရုဏ်ဦးမှာ ဖူးတဲ့ကြာ အပေါ်မှာ သမိုင်းအမှားတွေကို လုပ်တယ်။ အာဏာရှင်က အမိန့်ပေးတိုင်း အနုပညာရှင်တွေက ခိုင်းစေတိုင်း လုပ်နေတာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စဆိုပြီးတော့ ကျွန်တော်တို့က အမေရိကန်အစိုးရ ပြုထားတဲ့ ဥပဒေကို ကျွန်တော်တို့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ မေတ္တာရပ်ခံတာ ဖြစ်တယ်။ အာဏာရှင်နဲ့ အာဏာရှင် အသိုင်းအဝိုင်း၊ အာဏာရှင်ဒေါက်တိုင်တွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ဆိုတာ အမေရိကမှာ ပြုထားတဲ့ ဥပဒေ ရှိပြီးသားပါ။ အဲဒီဟာကို ကျွန်တော်တို့ မေတ္တာရပ်ခံတာ။”

Ovation အဖွဲ့ဟာ သြဂုတ်လ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်၊။ ဖျော်ဖြေပွဲ စီစဉ်သူတွေနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အောက်တိုဘာ ၁၁ ရက်နေ့က ရဲလေး၊ ဝိုင်းစုခိုင်သိန်း ၊ မောင်မောင်လွင်၊ ပက်ထရစ်တို့ မြန်မာပြည် ပြန်သွားကြပြီး ဒီကနေ့မှာ ကျန်အဖွဲ့သားတွေ ဖြစ်တဲ့ မင်းမော်ကွန်း၊ ကွတ်ကီ၊ ရဲဘုန်းနဲ့ စိုးမိုးတို့ ပြန်လည် ထွက်ခွာသွားကြတာ ဖြစ်ပါတယ်၊၊

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org