ဖားကန့်မှာ မိသားစုဝင် သုံးဦး အပါအဝင် ခုနစ်ဦး ဖမ်းဆီးခံရ

ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က မိသားစုဝင် သုံးဦး အပါအဝင် အရပ်သား ခုနစ်ဦးကို ဖမ်းဆီးသွားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ အဝင်တစ်နေရာအား တွေ့ရစဉ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ မတ်လ ၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် မတ်လ ၇ ရက်ညမှာ စစ်ကောင်စီတပ်က မိသားစုဝင် သုံးဦး အပါအဝင် အရပ်သား ခုနစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ ဖားကန့်မြို့က ရှုထောင့်သစ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုစိုးနိုင်၊ ဇနီး ဒေါ်နန်းကျင်၊ သမီးဖြစ်သူ မရွှန်းလဲ့စိုးတို့အပြင် ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့ လူငယ် လေးဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၇ ရက် ည ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သား ၂၀ ခန့် ဆိုင်ကို ရုတ်တရုက် ရောက်လာပြီး လူတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဝင်ဖမ်းတဲ့အချိန် ဆိုင်ကသိမ်းဖို့ပြင်နေပြီ၊ ကားတစ်စီးနဲ့လာပြီး ဝင်ဖမ်းတာ၊ အဓိကကတော့ သမီးဖြစ်သူက နိုင်ငံရေးပိုစ့်တွေ ဖေ့စ်ဘွတ်ခ်မှာ ရှယ်တာကို တိုင်တဲ့လူရှိလို့ ဝင်ဖမ်းတာတဲ့ဗျ။ ပိုင်ရှင် သုံးယောက်ရယ်၊ ဆိုင်မှာ လက်ဖက်ရည် သောက်ရင်း အင်တာနက်လာသုံးနေတဲ့ လူငယ် လေးဦးရယ် ပါသွားတယ်။ အဖမ်းခံရတဲ့အထဲမှာ အမျိုးသမီး နှစ်ဦး၊ အမျိုးသား ငါးဦးပေါ့"

လောလောဆယ် သူတို့ကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ကိုစိုးနိုင်တို့မိသားစုဟာ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်ဖွင့်လှစ် ရောင်းချနေတာ နှစ်ပေါင်း သုံးဆယ်နီးပါးရှိနေပြီး ရိုးရိုးသားသား အသက်မွေးနေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်က ရဲကင်းစခန်းအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ အခုလို ဖမ်းဆီးခံလိုက်ရတာပါ။

အဲဒီနေ့တိုက်ပွဲက ပစ်ခတ်လိုက်တဲ့ ကျည်ဆန်တချို့ထိမှန်ပြီး အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်မနဲ့ အသက် ၁၀ နှစ်အရွယ် မမိုးပွင့်ဖြူတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်း ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ အဖမ်းအဆီး ပိုစိပ်လာသလို တိုက်ပွဲနဲ့ လက်နက်ကြီး ထိမှန်မှုလည်း ပိုများလာတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သားအမိနှစ်ယောက်စလုံး ဒဏ်ရာအခြေနေက မစိုးရိမ်ရတော့ပါဘူး၊ မြစ်ကြီးနား ဆေးရုံဆင်းကုရင် ပိုကောင်းပေမယ့် လမ်းမှာတိုက်ပွဲနဲ့တိုးမှာစိုးလို့ ဖားကန့်ဆေးရုံပဲ တင်လိုက်ရတယ်၊ အခုရက်ပိုင်းကလေ ဖားကန့်က ဘာဖြစ်နေလဲ မသိတော့ဘူး၊ ဖမ်းတာဆီးတာဆိုလည်း ကြက်၊ ငှက်ဖမ်းနေသလိုပဲ လွယ်သလား မမေးနဲ့ လက်နက်ကြီး ထိတာကလည်း ပိုစိပ်လာတယ်"

ဒေသခံတွေ နေ့စဉ်ရက်ဆက် ဖမ်းဆီးခံနေရတဲ့ အခြေနေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်၊ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရွှေနဲ့ ကျောက်စိမ်းထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဟာ အရင်ကတည်းက စီးပွားရေးသမားတွေ၊ ကျောက်တူးသမားတွေ၊ ရွှေနဲ့ ကျောက်ကုန်သည်တွေ၊ တရုတ် နိုင်ငံသား စီးပွားရေးသမားတွေ၊ စစ်တပ်၊ ရဲ၊ ကေအိုင်အေ စတဲ့ လက်နက်ကိုင်အဖွဲ့တွေ များပြားပြီး ရှုတ်ထွေးတဲ့ နယ်မြေဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး ဒေသခံတွေနဲ့ ရေမဆေး ကျောက်တူးသမားတွေကို စစ်တပ်က ဖမ်းဆီးတာ ပိုများလာသလို၊ စစ်တပ်နဲ့ KIA ကြား တိုက်ပွဲတွေလည်း ပိုစိပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကနေ ၈ ရက်နေ့အတွင်း ဖားကန့်မြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေက အရပ်သား ၂၀၀ နီးပါး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲက တချို့ ပြန်လွတ်လာပေမယ့် လက်ရှိအချိန်ထိ လူ ၄၀ နီးပါး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org