ဖားကန့်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရ
ဖားကန့်မြို့နယ် မှော်စီစာအုပ်စု ဆောင်းချိန်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် လူတစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2023-02-17 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာအုပ်စု ဆောင်းချိန်ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် လူတစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က ဆောင်းချိန်ရွာထဲမှာ တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေလည်းရှိနေတယ်လို့ ဖားကန့်မြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆောင်းချိန်ရွာမှာ သူတို့ ဘာသတင်းရလဲတော့ မသိဘူး၊ မနေ့မနက်က တစ်ခေါက် လာတယ်။ ညနေပိုင်း ပြန်ထွက်သွားတယ်။ သူတို့ပြန်ထွက်တော့ ဒေသခံတွေ ပြန်လာကြတာပေါ့၊ ဒီနေ့လယ်မှာ တစ်ခေါက်ပြန်လာတော့ ရွာလုံးကျွတ် ပြန်ပြေးနေ ရတယ်လို့ သိထားပါတယ်။ အခုရက်ပိုင်း ဖားကန့်မှာက စစ်ရေးအခြေအနေက ရှုပ်ထွေးနေတယ်။ အစစ်အဆေးဆိုတာကလည်း များသလား မမေးနဲ့ ဓာတ်တိုင် တစ်တိုင်မှာ တစ်ဖွဲ့ရှိနေတယ်”
ဖေဖော်ဝါရီ ၁၆ ရက် မနေ့က ပထမအကြိမ် ဝင်ရောက်စဉ်မှာတော့ မှော်စီစာရွာက အရပ်သား ၂၀ ဝန်းကျင်လောက်ကို ဖမ်းဆီးသွားတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဆောင်းချိန်ရွာဟာ အိမ်ခြေ ၃၄၀နဲ့ လူဦးရေ ၁၀၀၀နီးပါးရှိပြီး၊ အများစုက ရေမဆေး ကျောက်ရှာဖွေတဲ့ အလုပ်သမားတွေနဲ့ အခြေခံလူတန်းစားတွေ နေအထိုင်တဲ့ရွာလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မှော်စီစာရွာအနီးမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေအကြား အပစ်အလှန် ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။