ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လူ ၄၉ ဦးကို ဖမ်းဆီးထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ လုပ်ခလစာကိစ္စ အချေအတင်ဖြစ်နေတဲ့ တောက်ပကြယ်ကုမ္ပဏီမှာ ဝန်ထမ်းတချို့က ကုမ္ပဏီအဆောက်အဦနဲ့ ယန္တရားတချို့ကို မနေ့ညက မီးရှို့လိုက်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး လူ ၄၉ ယောက်ကို ဖားကန့်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။
-
2018-05-14 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါကျဲမှော်မှာ လုပ်ခလစာကိစ္စ အချေအတင်ဖြစ်နေတဲ့ တောက်ပကြယ်ကုမ္ပဏီမှာ ဝန်ထမ်းတချို့က ကုမ္ပဏီအဆောက်အဦနဲ့ ယန္တရားတချို့ကို မနေ့ညက မီးရှို့လိုက်တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး လူ ၄၉ ယောက်ကို ဖားကန့်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။
မနေ့က မနက်ပိုင်းမိုးရွာလို့ အလုပ်မဆင်းရတဲ့ ဝန်ထမ်းတွေကို ထမင်းစားနားပြီးချိန်မှာ ကုမ္ပဏီဘက်က အလုပ်စောဆင်းခိုင်းရာကနေ လစာကိစ္စတွေနဲ့ပါ အငြင်းအခုန်ဖြစ်ပြီး အဲဒီလို ဖြစ်သွားတာလို့ အဲဒီကိစ္စကို ညှိနှိုင်းပေးနေတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ဒီကနေ့ ပြောပါတယ်။
"အဓိက ဖြစ်ရတဲ့ အနေအထားက လုပ်ခလစာနဲ့တော့ တိုက်ရိုက် မပတ်သက်ဘူးဗျ။ သူတို့ရဲ့ ခံစားခဲ့ရတဲ့ အကျိတ်အခဲလေးပေါ်မူတည်ပြီးတော့မှ ဖြစ်လာတဲ့ အနေအထားပါ။ နောက်မှသာလျှင် လုပ်ခ လစာဘက်ကို တဖြည်းဖြည်းပြောင်းသွားတဲ့ အနေအထားပါ။ အဲဒီအထဲမှာပဲ ကုမ္ပဏီနှစ်ခုပေါင်းဆိုရင် အလုပ်သမား အားလုံးပေါင်း ၂၅၀၀ လောက်ရှိတယ်။ အဆောင် ၂ ဆောင်လောက်ပဲ မီးမလောင်ပဲကျန်တယ်။ ကျန်တာတွေက တော့ တော်တော်များများ မီးလောင်သွားတာပေါ့"
ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတချို့အကြား ရုန်းရင်းဆန်ခတ်မှုဖြစ်လို့ မီးရှို့ပြီးနောက်မှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် လူတချို့က ကုမ္ပဏီပိုင်တဲ့ ကျောက်စိမ်းဂိုဒေါင်ကို ဖျက်ဆီးမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်အတွင်း လူ ၁ ဦး သေဆုံးပြီး၊ ၃ ယောက်ဒဏ်ရာရခဲ့သလို ကုမ္ပဏီက အဆောက်အဦ၊ စက်ယန္တရား တချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၃ ယောက်က သေနတ်ဒဏ်ရာတွေဖြစ်ပြီး သေဆုံးသူက သေနတ်ဒါဏ်ရာကြောင့်လား ဘာကြောင့်လဲဆိုတာကို မြို့နယ် ဆေးရုံမှာ စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာ မိုးရွာလို့ ရာသီဥတု အခြေအနေအရ ပုံမှန်အလုပ်ချိန်မှာ ဝန်ထမ်းတွေက အလုပ် မဆင်းရဘူး လို့ သိရပါတယ်။ ထမင်းစားနားပြီး နေ့လည်ပိုင်း ၁ နာရီမှာ အလုပ်ပြန်ဆင်းရမှာဖြစ်ပါတယ်။ တစ်နာရီမထိုးခင် မနက် ၁၁ နာရီလောက်မှာ ကုမ္ပဏီက အလုပ်စောဆင်းခိုင်းရာကနေ နှစ်ဘက် ပြဿနာ စဖြစ်တာလို့ သိရပါတယ်။
မနက်ဖြန်မှာ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးမှာ ကုမ္ပဏီဝန်ထမ်း အလုပ်သမားကိုယ်စားလှယ်တွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လစာကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အလုပ်ချိန်တွေက မနက် ၆ နာရီ ကနေ ၁၁ နာရီအထိ၊ ၁၁ နာရီကနေ ၁ နာရီအထိ ထမင်းစားနားချိန်၊ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီ အထိကို နေ့ဆိုင်း အလုပ်ချိန်ဖြစ်ပါတယ်။ ညနေ ၆ နာရီကနေ မနက် ၃ နာရီအထိကို ညဆိုင်းလို့ခေါ်ပြီး ၂၄ နာရီ ပတ်လုံး ၁ ရက်လုပ် ၁ ရက်နားတဲ့ အလုပ်ချိန်တွေနဲ့ လုပ်ကိုင် လည်ပတ်နေကြတာဖြစ်ပါတယ်။
အဲဒီအလုပ်ချိန်ပုံစံဟာ ဘက်ဟိုးမောင်းသူတွေ မြေသယ်ကားမောင်းသူတွေနဲ့ ကားအချက်ပြ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ဖြစ်ပြီး ကုမ္ပဏီလုပ်ကွက်တစ်ခု နဲ့ တစ်ခု အနည်းငယ်ကွဲပြားနိုင်တယ်လို့ သိရပါတယ်။