တောင်ကမ်းပါးယံပြိုကျမှု ပျောက်ဆုံးသူ ၂၇ ဦးအထိ ရှိလာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံရွာအနီးက ဧရာရတနာ ကျောက်မျက် လုပ်ကွက်အဟောင်းမှာ မနေ့က တောင်ကမ်းပါးယံပြိုကျတာကြောင့် ပျောက်ဆုံးနေသူ ၂၇ ဦးအထိ ရှိနေပါတယ်။
-
2018-07-25 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံရွာအနီးက ဧရာရတနာ ကျောက်မျက်လုပ်ကွက်အဟောင်း မှာ မနေ့က တောင်ကမ်းပါးယံပြိုကျတာကြောင့် ပျောက်ဆုံးနေသူ ၂၇ ဦးအထိ ရှိနေပါတယ်။
ဖားကန့်ဒေသအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး စက်ယန္တရားတွေနဲ့ ရှာဖွေကယ်ဆယ်နေပေမယ့် ဒီကနေ့ ညနေ ၃ နာရီကျော်အထိ ဘာမှမတွေ့ရှိသေးကြောင်း ဆိပ်မူအုပ်ချုပ်ရေးရုံးရဲ့ တာဝန်မှူး ဦးမောင်ငွေ က ပြောပါတယ်။
"နှစ်ဆယ့်ခွန်။ အခု ဘက်ဟိုး ခုနှစ်စင်း နဲ့ ရှာဖွေနေပါတယ်ဗျာ။ အုပ်ချုပ်ရေးက ဦးစီးပြီးတော့မှ အရန် မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်း၊ အားလုံးပဲ အဖွဲ့တွေကတော့။ ဘာမှမတွေ့သေးပါဘူး။ အန္တရာယ်ရှိသည် ဆိုတဲ့ ဆိုင်းဘုတ်တွေအားလုံး နေရာအနှံ့မှာ စိုက်ထားပါတယ်။ အရင်ကတည်းက စိုက်ထားတာပါ"
အဲဒီလိုပျောက်ဆုံးကြောင်း စာရင်းလာပေးသူတွေဟာ မမုံ၊ အောက်မယ့်လင်ချောင်၊ စပေါ့နဲ့ ဖါးပျဉ်မှော်ရွာတွေဘက် က ရေမဆေးသမားတွေ ဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ ကျောက်တောင်ကမ်းပါးယံတွေ ပြိုကျတာနဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျတာတွေ မှာ နှစ်ရက်၊ သုံးရက်လောက် ရှာဖွေပြီးတဲ့နောက်ပိုင်း ကူညီကယ်ဆယ်ရေးတွေကို ရပ်ဆိုင်းလေ့ရှိတာကြောင့် သေဆုံးသူအရေအတွက်ကို အတိအကျပြောဖို့ ခဲယဉ်းပါတယ်။
အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက RFA ကို အတည်ပြု ပြောဆိုထားချက်တွေအရ ၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဖားကန့်ကျောက်စိမ်းမှော်နယ်မြေမှာ ကျောက်တောင်ကမ်းပါးယံတွေ ပြိုတာနဲ့ စွန့်ပစ်မြေစာပုံပြိုလို့ သေဆုံးခဲ့သူ အယောက် ၂၀၀ ကျော်ရှိပါတယ်။