၃ နှစ်အတွင်း ဖားကန့်မြေပြိုမှု သေဆုံးသူ ၂ဝဝ ကျော်ရှိ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှော်နယ်မြေမှာ သုံးနှစ်အတွင်း တောင်ကမ်းပါးယံ မြေပြိုကျမှု အကြိမ် ၁ဝဝ ကျော် ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂ဝဝ ကျော် သေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ် ဧရာရတနာကုမ္ပဏီ ကျောက်မျက်လုပ်ကွက်အဟောင်းမှာ ကမ်းပါးယံပြိုကျမှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က သယ်ယူလာစဉ် ဓာတ်ပုံ - အလင်း ရောင် - ဖေ့စ်ဘွတ်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှော်နယ်မြေမှာ သုံးနှစ်အတွင်း တောင်ကမ်းပါးယံ မြေပြိုကျမှု အကြိမ် ၁ဝဝ ကျော် ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂ဝဝ ကျော် သေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ် ခုနှစ်လအတွင်း သေဆုံးသူ ၁ဝ၇ ဦး ရှိနေပြီလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က RFA ကို ဒီကနေ့ ပြောပါတယ်။

"ဒီလိုကမ်းပါးယံပြိုကျတာကြောင့် သေဆုံးမှုက ဒီ ၂ဝ၁၈ ခုနှစ်လအတွင်းမှာ ၂၅ ကြိမ်နဲ့ ၁ဝ၇ ဦးလောက်ရှိ ပါတယ်။ ၂ဝ၁၆ တုန်းကဆိုရင် ၂၉ ကြိမ်ရှိပြီးတော့ ဒဏ်ရာရတာက ၃၂ ဦး၊ သေဆုံးတာ ၅၄ ဦးအထိ ရှိခဲ့ဘူးတယ်။ ၂ဝ၁၇ မှာကျတော့ အကြိမ်အရေအတွက်က ၆ဝ လောက်ရှိပြီးတော့ ဒဏ်ရာရတာ ၄၄ ဦး၊ သေဆုံးတာ ၅၇ ရှိပါတယ်။ ကျနော်တို့ မှတ်တမ်းအရပေါ့နော် အဲဒီ ရတနာနယ်မြေထဲမှာဖြစ်ခဲ့တာ သုံးနှစ်ပေါင်း ၁၂၄ ကြိမ်ဖြစ်ခဲ့တယ်။ ဒဏ်ရာရတာ ၁၅၄ ယောက်ရခဲ့တယ်။ သေဆုံးတာ ၂၃၁ ယောက်ရှိခဲ့တယ်။ ၂ဝ၁၆ ဇန်နဝါရီ ၁ ရက်ကနေပြီးတော့ အခု ၂ဝ၁၈ ဇူလိုင် ၃၁ အထိပေါ့နော်"

၂ဝ၁၇ ခုနှစ်အတွင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ရေမဆေးသမားတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပစ်ခတ်မှု ၅ ကြိမ်ရှိခဲ့ရာမှာ လူ ၇ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီသေဆုံး လူဦးရေစာရင်းထဲမှာ မတော်တဆမှုတွေကြောင့် သေဆုံးတဲ့ အရေအတွက်အချို့လည်း ပါတယ်လို့ သိရပါတယ်။

ကျောက်တူးဖော်ရေး ကုမ္ပဏီတွေရဲ့ အားနည်းမှုတွေရယ်၊ ဒေသအခေါ် ရေမဆေးလောပန်းတွေနဲ့ အဲဒီနေရာတွေမှာ တူးဖော်ကြတဲ့ ရေမဆေးသမားတွေ ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့် ထိခိုက်သေဆုံးတာတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ရာသီဥတု သဘာဝဘေးအန္တရာယ်တွေကြောင့်လည်း စွန့်ပစ်မြေစာပုံနဲ့ လုပ်ကွက်အတွင်းက ကျောက်တောင်ကမ်းပါးယံတွေမှာ ကျောက်တူးတာနဲ့ ရေမဆေးရှာချိန်မှာ မြေပြိုကျပြီး သေဆုံး ဒဏ်ရာ ရနေကြတာလို့ သိရပါတယ်။

ဒေသအာဏာပိုင်တွေက အန္တရာယ်ရှိကြောင်း အသိပေးဆိုင်းဘုတ်စိုက်ထူထားတဲ့ နေရာတွေ၊ တားမြစ်ထားတဲ့ နေရာတွေဆိုရင် သွားလာလုပ်ကိုင်ဖို့ မသင့်ကြောင်း အဲဒီဒေသမှာ ပရဟိတ လူမှုရေးလုပ်ကိုင်နေသူတွေက ပြောဆိုမှုတွေလည်း ရှိပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းမှော်ဒေသမှာ တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်နေကြသူ အများစုအပါအဝင် တစ်နိုင်ငံလုံးက ရွှေ့ပြောင်းလုပ်ကိုင်နေကြသူ နှစ်သိန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org