ကမ်းပါးယံပြိုကျမူကြောင့် သေဆုံးသူတွေကို ရှာဖွေရေးလုပ်ငန်း ရပ်ဆိုင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံရွာအနီးက ဧရာရတနာ လုပ်ကွက်အဟောင်းမှာ ဇူလိုင် ၂၄ က ကျောက်တောင်ကမ်းပါးယံပြိုကျပြီး လူ ၂၇ ဦး ပျောက်ဆုံးနေတဲ့ အထဲက သေဆုံးသူ ၂၃ ဦးကို ရှာဖွေတွေ့ရှိအပြီးမှာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါတယ်။

ဖားကန့်မြို့နယ် ဧရာရတနာကုမ္ပဏီ ကျောက်မျက်လုပ်ကွက်အဟောင်းမှာ ကမ်းပါးယံပြိုကျမှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က သယ်ယူလာစဉ် ဓာတ်ပုံ - အလင်း ရောင် - ဖေ့စ်ဘွတ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံရွာအနီးက ဧရာရတနာ လုပ်ကွက်အဟောင်းမှာ ဇူလိုင် ၂၄ က ကျောက်တောင်ကမ်းပါးယံပြိုကျပြီး  လူ ၂၇ ဦး ပျောက်ဆုံးနေတဲ့ အထဲက သေဆုံးသူ ၂၃ ဦးကို ရှာဖွေတွေ့ရှိ အပြီးမှာ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီနေရာမှာ ကျောက်တောင် ထပ်မံပြိုကျလာနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနိုင်တာကြောင့် ရှာဖွေရေးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အားလုံးရဲ့ဆုံးဖြတ်ချက်အရ ရပ်ဆိုင်းလိုက်တာလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ဒီကနေ့ ပြောပါတယ်။

"ရက်ကလည်းကြာလာပြီဖြစ်တဲ့အတွက် ဒီအပေါ်မှာလည်း ကျနော်တို့က ပြန်တူးဖော်တွေ့ရှိဖို့လည်း ဖြစ်နိုင်ခြေ နည်းနေတာပေါ့။ နောက် ဒီထုထည်ကြီးကို ဖယ်ရှားဖို့ဆိုတာကလည်း ကုမ္ပဏီက စက်ယန္တရားတွေနဲ့ဆို လချီပြီး တောင် လုပ်ရမယ့်သဘောဖြစ်တယ်။ အဲဒီကန့်သတ်ချက်တွေများနေတဲ့အတွက် ဒါ အားလုံးရဲ့ သဘောဆန္ဒအရ၊ ရှာဖွေးရေးအဖွဲ့တွေကလည်း ဆက်ရှာဖို့လည်းခက်တယ်။ ဖြစ်နိုင်ခြေလည်း နည်းတယ်။ အဲဒီအကြောင်းအရာ အချက်တွေကြောင့်မို့ ကျနော်တို့က ဆက်မရှာတော့တာပေါ့"

အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီ၊ မီးသတ် နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဇူလိုင် ၂၆ ကစလို့ ပျောက်ဆုံးနေတဲ့သူတွေကို စက်ယန္တရားတွေနဲ့  ရှာဖွေခဲ့တာဖြစ်ပြီး သြဂုတ် ၃ ရက်နေ့က ရှာဖွေရေး ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အဲဒီ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အဟောင်းတွေမှာ ကျောက်တူးဖော်လို့ ဒဏ်ရာရ သေဆုံးခဲ့သူတွေကို ကူညီထောက်ပံ့ခဲ့တယ်လို့လည်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်နယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ကစလို့ ဒီ ၂၀၁၈ ခုနှစ် လက်ရှိကာလအထိ သုံးနှစ်အတွင်း တောင်ကမ်းပါးယံတွေနဲ့ မြေပြိုကျမှု အကြိမ် ၁၀၀ ကျော်ရှိခဲ့ရာမှာ လူ၂၀၀ ကျော်သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီအရေအတွက်ဟာ ကျောက်စိမ်းလုပ်ကွက်တွေအတွင်း တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်လို့ တောင်ကမ်းပါးယံ ပြိုကျပြီး သေဆုံးထိခိုက်ခဲ့တဲ့ ပမာဏက အများစုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ရေမဆေးသမားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်လို့ ပစ်ခတ်မှု ၅ ကြိမ်ရှိခဲ့ရာမှာ လူ ၇ ယောက်သေဆုံးပြီး ၅ ယောက် ဒါဏ်ရာရခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ တစ်နိုင်တစ်ပိုင် ရေမဆေးတူးဖော်လုပ်ကိုင်နေကြသူ အများစုအပါအဝင် တနိုင်ငံလုံးက ရွှေ့ပြောင်းလုပ်ကိုင်နေကြသူ ၂ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org