ဖားကန့် မြေစာပုံပြိုကျ မှု သေဆုံးသူ ၁၁၀ ကျော်ပြီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာ အနီးက ကံခါ စုပေါင်းစွန့်ပစ်မြေစာပုံဟာ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၂၁ ရက် စနေနေ့မနက်အစောပိုင်းက ပြိုကျခဲ့တာကြောင့်၊ ရေမဆေးကျောက်ရှာဖွေသူတွေ ရဲ့ တဲတွေ နစ်မြုပ်သွားခဲ့ပြီး သေဆုံးသူအများအပြား ရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မြေစာပိသေဆုံးသူတွေကို နိုဝင်ဘာလ ၂၂ ရက်နေ့က ရှာဖွေနေကြစဉ် Photo: Zaw Moe Htet (Facebook)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက ကံခါ စုပေါင်းစွန့်ပစ်မြေစာပုံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် စနေနေ့မနက်အစောပိုင်းက ပြိုကျခဲ့တာကြောင့်၊ ရေမဆေးကျောက်ရှာဖွေသူတွေရဲ့ တဲတွေ နစ်မြုပ်သွားခဲ့ပြီး သေဆုံးသူအများအပြားရှိခဲ့ပါတယ်။

ဒီနေ့ ညနေ ၅ နာရီ အထိ အလောင်း စုစုပေါင်း ၁၁၀ ကျော် ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။

နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆိပ်မူကျေးရွာ အခြေစိုက် သင်္ခါလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင် က အခုလို ပြောပါတယ်။

"ဒီနေ့ ၈ လောင်းတွေ့တယ်၊ စုစုပေါင်း ၁၁၃ ဦး၊ ဘတ်ဟိုးနဲ့ဖော်တယ်၊ ပိုင်ရှင်တွေရှိလို့ရှိရင် နာမည်နဲ့ တခါတည်း ဟားခါးဆေးရုံကိုပို့တယ်၊ အပိုင်အပိုင်းဖြစ်တာတွေလည်းပါတယ်"

ပြိုကျခဲ့တဲ့ ကံခါ မြေစာပုံဟာ ရတနာရောင်ခြည်၊ ရတနာအောင်ချမ်း၊ လျှံရှန်း စတဲ့ ကျောက်စိမ်းကုမ္ပဏီတွေက လာရောက်စွန့်ပစ်တဲ့ စုပေါင်းမြေစာပုံဖြစ်ပြီး ပေတစ်ထောင်လောက်မြင့်ပါတယ်။ အဲဒီမြေစာပုံကြီးတွေရဲ့ ခြေရင်းမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ အနယ်နယ်အရပ်ရပ်က လာရောက် ပြီး ရေမဆေးကျောက် ရှာဖွေကြသူတွေ တဲထိုးပြီး နေထိုင်နေကြသလို၊ ဈေးဆိုင်တန်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ နေထိုင်သူဦးရေ အတိအကျ မသိရတဲ့အတွက် မြေစာပုံပိမိလို့ သေဆုံးသူ၊ ပျောက်ဆုံးသူ အရေအတွက် အတိအကျသိဖို့ ခက်တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

မြေစာပုံ ပိမိသူတွေကို အစိုးရတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးစတဲ့ အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ရှာဖွေနေပါတယ်။ လတ်တလောတွေ့ရှိထားတဲ့ အလောင်းတစ်ရာကျော်ထဲမှာ အမျိုးသမီးအလောင်း  ၃ လောင်း ပါဝင်ကြောင်း သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလာရောက် လုပ်ကိုင်နေသူ စုစုပေါင်း နှစ်သိန်းဝန်းကျင်ရှိပါတယ်။

မြေစာပုံပြိုကျတဲ့နေရာကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မနက်ဖြန် သွားရောက်စစ်ဆေး မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံမေးမြန်းထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org