တနိုင်တပိုင် ကျောက်မျက်ရှာဖွေသူ ၇ ဦး အဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ နန့်ဆီပွန်ဒေသ ကနေ ခန္တီးမြို့ပေါ်ကို အခွန်ဆောင်ဖို့လာ ကြတဲ့ ကျောက်မျက်သယ်ဆောင် လာသူ ၇ ဦးကို ခန္တီးမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ (က) နဲ့ လမ်း ဖမ်းဆီးလိုက်တဲ့အတွက် တနိုင် တပိုင်ရှာဖွေ သူတွေအတွက် အခက်အခဲဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။
-
2016-09-18 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ နန့်ဆီပွန်ဒေသကနေ ခန္တီးမြို့ပေါ်ကို အခွန်ဆောင်ဖို့ လာကြတဲ့ ကျောက်မျက်သယ်ဆောင် လာသူ ၇ ဦးကို ခန္တီးမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ကျောက်မျက်ဥပဒေပုဒ်မ ၄၂ (က) နဲ့ လမ်း ဖမ်းဆီးလိုက်တဲ့အတွက် တနိုင်တပိုင်ရှာဖွေ သူတွေအတွက် အခက်အခဲဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။
မနေ့က ဖမ်းဆီးအရေးယူမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ အကြောင်းကြားထားတယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း က ပြောပါတယ်။
"နန့်စီပွန်ဒေသမှာ ကျောက်မျက်ဦးစီးဌာန မရှိဘူး။ မရှိတဲ့အတွက် နိုင်ငံတော်ကို အခွန်ဆောင်ဖို့ နေရာမရှိဘူး။ ခန္တီးမှာမှ အခွန်ဆောင်ရမှာကိုး၊ ခန္တီးကို လာတဲ့ လမ်းမှာ ဒီလူတွေကို ဖြတ်ဖမ်းလိုက်တယ်ဆိုတာ သဘာဝမကျဘူး။ အခွန်မဆောင်ဘဲ မုံရွာတို့ မန္တလေးတို့ဘက်သယ်သွားတဲ့ သူတွေကို ဖမ်းပေါ့ဗျာ။ ဒါကို လက်ခံတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်ပိုပြီးတော့မှ ရှုပ်ထွေးသွား စေနိုင်တဲ့အကြောင်း ကျွန်တော် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဆီကိုတော့ တင်ပြပြီးသွားပါပြီ။"
ကျောက်မျက်ဥပဒေအရ ရောင်းချခွင့်လိုင်စင် နဲ့ ရာဖြတ်လိုင်စင်တွေမရှိရင် သယ်ဆောင်ခွင့်မရှိတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ ခန္တီးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။
"ကျောက်မျက်ဥပဒေအရ ကျောက်စိမ်းရိုင်းပေါ့လေ ဒါတွေကိုက ရောင်းဝယ်လိုင်စင်ရှိမှ နောက်တစ်ခါ ကျောက်မျက်ကို ရာဖြတ် အပ်နှံပြီးမှပဲ သယ်ခွင့်ရှိပါတယ်။ ရောင်းဝယ်လိုင်စင်လည်း လုပ်မထားဘူး ကျောက်မျက်မှာလည်း ရာဖြတ်လာမအပ်ထားဘူး။ အခွန်လည်း မဆောင်ဘဲနဲ့ တရားမဝင်သယ် ဆောင်တာတွေ၊ ရောင်းဝယ်တာတွေ သယ်ဆောင်တာတွေလုပ်လို့ မရပါဘူး။ဒါကြောင့်ဒါကို သတင်းရလို့ အဲဒါတွေကို ဖမ်းပြီးတော့ အရေးယူတာပါ။"
ဖမ်းဆီးခံရသူ ၇ဦးထံကနေ ကျောက်စိမ်းအရိုင်းတုံးတွေ သိမ်းဆည်းရမိထားတာ ဖြစ်တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
ခန္တီးမြို့နယ်ရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျောက်မျက်ဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့က ခန္တီးမြို့နယ်မှာ စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ကျောက်မျက်ဥပဒေပုဒ်မ ၄၂ က အရ တရားမဝင်ကျောက်မျက် သယ်ယူရောင်းချ မယ်ဆိုရင် ထောင် ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင် တာဖြစ်ပါတယ်။
ကျောက်မျက်ဥပဒေကို ပြီးခဲ့တဲ့အစိုးရသက်တမ်းကုန်ခါနီးမှာ ပြဌာန်းခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေဟာ တနိုင်တပိုင် ကျောက်မျက်တူးဖော် သူတွေ ရေမဆေးကျောက်ရှာဖွေ သူတွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်-လုံးခင်း ရတနာနယ်မြေမှာ တစ်နိုင်တစ်ပိုင်ကျောက်မျက်တူးဖော် ရှာဖွေခွင့်ရရှိဖို့အတွက် ဥပဒေသစ်တစ်ခု ပြဌာန်းပေး ဖို့ ဒေသခံတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေက တောင်းဆိုနေပါတယ်။