ဖယ်ခုံမြို့ လူမှုကူညီရေးအသင်း လှုပ်ရှားမှုများ ရပ်ဆိုင်းခံရ
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ က လောကပါလ လူမှုကူညီရေး အသင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့သိရပါတယ်။
-
2013-09-01 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က လောကပါလ လူမှုကူညီရေးအသင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကပါလ လူမှုကူညီရေးအသင်းရဲ့ ဒုတိယဥက္ကဌ ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ ရပ်တန့်လိုက်မယ်ဆိုရင် သွေး လိုအပ်နေတဲ့လူနာတွေ၊ နာရေးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေ၊ အရေးပေါ် ကျနော်တို့ ဖယ်ခုံမြို့ကနေပြီးတော့ ၂၄ မိုင်ဝေးတဲ့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ရမယ့်လူနာတွေဟာ အခက်အခဲများစွာ ကြုံတွေ့သွားတဲ့အနေအထားရှိပါတယ်၊ ကျနော်တို့ တာဝန်ယူထားတဲ့၊ ကျနော်တို့ ကူညီမယ်လို့ အာမခံထားတဲ့ဟာတွေ ကတိဖောက်ဖျက်မယ့်အနေအထား ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့က ဆက်လက်လုပ်ဆောင်နေပါတယ်”
ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားတဲ့စာထဲမှာ လူမှုရေးလှုပ်ရှားနေတဲ့ အသင်းတွေအနေနဲ့ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနဲ့ကြီးကြပ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိမှသာ ရပ်တည်လို့ရမယ်လို့ပါရှိပါတယ်။
လောကပါလ လူမှုကူညီရေးအသင်းကို ၂၀၁၂ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူနာပို့ဆောင်တာ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကူညီတာကနေ ပညာရေးထောက်ပံ့တဲ့ကိစ္စတွေကို လုပ်ဆောင်ပေးနေတဲ့ အသင်းဖြစ်တယ်လို့ သိရပါတယ်။