ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် တို့ ကျဆုံးတဲ့ နှစ် ၃၀ ပြည့်ကျင်းပ

စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင် တို့ ကျဆုံးတဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဒီနေ့ အင်းစိန်မြို့နယ်က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် ကျဆုံးတဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို အင်းစိန်မြို့နယ်က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျင်းပစဉ် Photo: Htet Arkar/RFA

စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နဲ့ ကိုစိုးနိုင် တို့ ကျဆုံးတဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဒီနေ့ အင်းစိန်မြို့နယ်က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက အခုလိုပြောပါတယ်။

"ကိုဖုန်းမော်တို့ ကျဆုံးတာက ကျနော်တို့  ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံဖြစ်ဖို့ မီးပွားတစ်ခုပဲ အဲဒါကိုအကြောင်းပြုပြီး ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဘဝတွေလည်း ပြောင်းလဲသွားတာပေါ့၊ အဲဒီ မတိုင်ခင်မှာ ကျနော်တို့က သာမန်ကျောင်းသားဘ၀ ကျောင်းပြီးရင် အစိုးရအလုပ်တစ်ခုခုဝင်မယ် အစရှိသဖြင့်ပေါ့ သမရိုးကျဘဝတစ်ခုကနေ ကျနော်တို့ နိုင်ငံရေးသမားဘဝအဖြစ် နှစ် ၃၀ လုံး ဖြတ် သန်းခဲ့တာကလည်း ကိုဖုန်းမော်တို့ ကိုစိုးနိုင်တို့ ကျဆုံးခြင်းဟာ အဓိကအကြောင်းတရားတစ်ခုလို့ ပြော လို့ရပါတယ်။ မကြာခင်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း နှစ်၃၀ ပြည့်တော့မယ်ပေါ့နော်၊ ဒါပေမဲ့ ကျနော်တို့ မျော်လင့်သလောက် ဖြစ်မလာသေးဘူး"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာဟာ အခမ်းအနားကို အချိန်မီမရောက်လာဘဲ နောက်ကျနေတာကြောင့် မနှစ်က ပေးပို့ခဲ့တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကိုပဲ ပြန်လည်ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အပြင် ပြည်ထောင်စုဝန်ကြီးအချို့ကို ဖိတ်ကြားခဲ့ပေမယ့် မလာနိုင်ခဲ့ဘူးလို့သိရပါတယ်။

၁၉၈၈ မတ်လ ၁၃ ရက်နေ့မှာ ကိုဖုန်းမော် ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက  တောင်းဆိုခဲ့ကြပြီး နှစ်ပတ်လည်အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ် အရင် စက်မှုတက္ကသိုလ်ဝင်းထဲမှာ အခုလိုအခမ်းအနားကျင်းပတာ ဒီနှစ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက လွမ်းသူ့ပန်းခြင်းတွေနဲ့ အလေးပြုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org