ပလက်ဝ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် အကူအညီလိုနေ

ဒီဇင်ဘာလထဲမှာဖြစ်တဲ့ တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်တိုးလာတာကြောင့် စစ်ဘေးဒုက္ခသည်က သုံးသောင်းကျော်လောက်အထိ ရှိလာပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Khine Murn Chun

ပလက်ဝခရိုင်မှာ ဒီဇင်ဘာလထဲဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာလို့ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က RFA ကို ပြောပါတယ်။

"အဓိက ဆန်၊ ဆီ၊ ဆား လိုအပ်နေပါတယ်။ ဒုက္ခသည်တွေက သောင်းနဲ့ချီဖြစ်လာတော့ အမိုးအကာတွေ လိုနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးဖို့အတွက်လဲ ဆေးဝါးတွေ လိုအပ်ပါတယ်။ ဆောင်းရာသီဖြစ်တော့ အဝတ်အထည်တွေလည်း အရေးပေါ်လိုနေပါတယ်"

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၁၈ ခုနှစ်က ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကလည်း ဒီဇင်ဘာလထဲမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ခိုလှုံတဲ့နေရာတွေကနေ ထပ်မံနေရာပြောင်းရွှေ့ရသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။ အများစုက ဒီဇင်ဘာလထဲမှာဖြစ်တဲ့ တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်တိုးလာတာပါ။ ဒါကြောင့် စစ်ဘေးဒုက္ခသည်က သုံးသောင်းကျော်လောက်အထိ ရှိလာပါတယ်။

ပလက်ဝမြို့နယ်ထဲက စစ်ဘေးလွတ်နိုင်တဲ့နေရာတွေမှာ အများစုက ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်ပေမဲ့ တချို့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို သွားရောက်ခိုလှုံနေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်တွင်း၊ ပြည်ပ NGO/ INGO အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးကြဖို့လည်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org