ပင်လောင်းမှာ မယ်တော်မာရီရုပ်တု ဖျက်ဆီးခံရ
ရှမ်းပြည်နယ် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု တကန်ကူးကျေးရွာမှာ လူနည်းစုဖြစ်တဲ့ ကယန်းလူမျိုးတွေ ကိုးကွယ်နေတဲ့ မယ်တော်ရုပ်တု ဖျက်စီးခံရတာကြောင့် သက်ဆိုင်ရာက အမြန်ဆုံး စီစစ်အရေးယူပေးဖို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီက တောင်းဆိုထားပါတယ်။
-
ကျော်လွင်ဦး
2020-01-22 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု တကန်ကူးကျေးရွာမှာ လူနည်းစုဖြစ်တဲ့ ကယန်းလူမျိုးတွေ ကိုးကွယ်နေတဲ့ မယ်တော်ရုပ်တု ဖျက်စီးခံရတာကြောင့် သက်ဆိုင်ရာက အမြန်ဆုံးစီစစ်အရေးယူပေးဖို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီက တောင်းဆိုထားပါတယ်။
ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ ကယန်းလူမျိုးတွေနေထိုင်တဲ့ တကန်ကူး ကျေးရွာမှာရှိတဲ့ ကက်သလစ်ဘာသာဝင်တွေ တည်ဆောက်ထားတဲ့ မယ်တော်ရုပ်တု ဖျက်စီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ နဲ့ ၁၉ရက်နေ့တွေမှာ တကန်ကူးကျေးရွာပိုင် ဟားရေတံခွန်အနီးက လူနည်းစု ကယန်းလူမျိုး ကက်သလစ်ခရစ္စယာန်ဘာသာဝင်တွေရဲ့ တည်ထားကိုးကွယ်နေတဲ့ မယ်တော်ရုပ်တုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကျောက်တုံးတွေနဲ့ ပစ်ပေါက်တာ၊သေနတ်နဲ့ ပစ်ခတ်တာကြောင့် မယ်တော်ရုပ်တု ပျက်စီးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမို့ကပြောပါတယ်။
“အခြေအနေက နဖူးမှာကျည်မှန်ထားတယ်၊ နှာခေါင်းနဲ့ မျက်လုံးကြားမှာပေါ့နော်၊ လက်မှာတော့ ရိုက်ချိုးခံထားရတယ်၊ လက်ဖဝါးနှစ်ဖက်၊”
တကန်ကူးကျေးရွာဟာ အိမ်ခြေ ၁၃နီးပါးရှိပြီး ကက်သလက်ဘာသာဝင် ကယန်းလူမျိုးတွေချည်းနေတဲ့ ကျေးရွာဖြစ်ပါတယ်။
ဒီလူနည်းစု ကယန်းလူမျိုးတွေ တည်ဆောက်ကိုးကွယ်တဲ့ မယ်တော်ရုပ်တုနားမှာ ပအိုဝ်းဌာနေပြည်သူစစ် (PNA) လက်အောက်ခံတပ် တစ်ခုရှိပြီး ဒီရုပ်တုကိုဖျက်စီးတာဟာ ဒီအဖွဲ့ကပြုလုပ်တာလို့ ဒေသခံတွေ၊ အရပ်ဖက် အဖွဲ့တွေက စွပ်စွဲပြောဆိုတာတွေရှိပါတယ်။
“မဟုတ်ပါဘူး၊ ကျနော်တို့အဖွဲ့က ဘာသာရေးကိစ္စတို့ လူမျိုးရေးကိစ္စတို့ဆို လက်ရှောင်တယ်၊ အဲဒါမျိုး ကျနော်တို့မလုပ်ဘူး”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပအိုဝ်ဌာနေပြည်သူစစ် PNA အဖွဲ့က ဗိုလ်မှူးကြီး အောင်သန်းကို ဆက်သွယ်မေးမြန်းရာ မှာတော့ သူတို့အဖွဲ့မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဒီတကန်ကူးကျေးရွာနားမှာ ပအိုဝ်ဌာနေ ပြည်သူစစ်အဖွဲ့ PNAက သစ်တောကြိုးဝိုင်းပြုလုပ်ထားပြီး ဒီကြိုးဝိုင်းကို စောင့်ရှောက်ဖို့ တပ်ဖွဲ့ဝင်အနည်းငယ် စခန်းချထားတာရှိတယ်လို့ ဗိုလ်မှူးကြီးအောင်သန်း ကပြောပါတယ်။
ဒီလိုလူနည်းစုဘာသာဝင်တွေ ကိုးကွယ်တဲ့ရုပ်တုကို ဖျက်စီးတာဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေး ချိုးဖောက်တာဖြစ်တာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်အောင် အစိုးရအနေနဲ့ အမြန်ဆုံးစစ်ဆေး အရေးယူပေးဖို့ ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီတောင်းဆို ထားပါတယ်။
ဒီလိုရုပ်တုကို ဖျက်စီးတာဟာ လူနည်းစုတိုင်းရင်းသားတွေ အခွင့်အရေးကို ချိုးဖောက်တာလို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး ခွန်းတင်နုကပြောပါတယ်။
“အခုလို့ဖျက်စီးလိုက်တာက လက်ရှိကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရသေးဘူးပေါ့နော်၊ ရှုပ်ထွေးတဲ့ အခြေအနေရှိတယ်၊ ပိုပြီးတော့ ကျနော်တို့လူနည်းစုတွေက ပိုပြီးတော့ခြိမ်းခြောက်ခံရတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးတဲ့အခွင့်အရေးတွေလည်း ဆုံးရှုံးတယ်၊ လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်၊ အဲလိုမျိုးလည်းသူတို့က ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တယ်”
ဘန့်ဘာကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ထီးဖြူကတော့ ပြီးခဲ့တဲ့ ၁၇ရက်နေ့တုန်းက အဲဒီကျေးရွာကို သွားရောက်ခဲ့ကာ ပြဿနာမဖြစ်အောင်ညှိနှိုးပေးခဲ့ပြီး လက်ရှိအခြေအနေကိုတော့ သူမသိဘူးလို့ ပြောပါတယ်။
ကရင်နီလူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး ခွန်ဘားနဒ်ကတော့ ဒီလိုမျိုးထိလွယ်ရှလွယ် ဖြစ်တာကို ကျူးလွန်တဲ့သူတွေကို အရေးယူသင့်တယ်လို့ ပြောပါတယ်။
“အဓိကဘာသာရေးနဲ့ သော်လည်းကောင်း လူမျိုးရေးနဲ့သော်လည်းကောင်း ဒီလိုမျိုးအကြမ်း ဘက်နည်းနဲ့ ဖြေရှင်းတာထက်စာရင် တရားဝင်ခေါ်ယူညှိနှိုင်းတာက မငြိမ်းချမ်းဘူးလားပေါ့နော်၊ ဘာသာရေးဆိုတာ သိမ်မွေ့တယ်၊ဒါပေမဲ့ ထိလွယ်ရှလွယ်ဖြစ်တယ် အဲအခြေအနေမျိုးမှာ ဒီလိုမျိုးလူတစ်စုက လုပ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသင့်တယ်”
ဒီမယ်တော်ရုပ်တု တည်ဆောက်ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ တည်ဆောက်ထားတာလို့ PNA တာဝန်ရှိသူတွေကပြောပါတယ်။
ဒီမယ်တော်ရုပ်တုပူဇော်ပွဲကို လာမယ့်ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပဖို့ရှိပြီး ဒေသခံတွေက နောက်ထပ် လာရောက်ဖျက်စီးမှာကို စိုးရိမ်နေကြပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ဒီဒေသမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုနေထိုင်ပြီး ခရစ္စယာန်ကိုးကွယ်တဲ့ ကယန်းလူမျိုး ၅၀၀နီးပါးရှိတယ်လို့သိရပါတယ်။