ထားဝယ်ကျောင်းသားခေါင်းဆောင်ရဲ့ မိခင်နဲ့ညီမ အဖမ်းခံထားရ
ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင်နဲ့ ညီမ ဖြစ်သူတို့ကို နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းက ထားဝယ်မြို့က နေအိမ်မှာ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။
- 2021-11-10
-
-
-
ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင်နဲ့ ညီမဖြစ်သူတို့ကို နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းက ထားဝယ်မြို့က နေအိမ်မှာ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။
မသီရိမိုးရဲ့ အမေ ဒေါ်သက်သက်ထွေးနဲ့ ညီမ မရွှေရည်မိုး တို့ကို ထားဝယ်မြို့ ကနိုင်းဒါရွာ နေအိမ်မှာ နိုဝင်ဘာ ၈ ရက်နေ့ ည ၉ နာရီအချိန်က လာရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။
"လာဖမ်းတုန်းကတော့ Vigo ကားနှစ်စီးနဲ့ လာတာဖြစ်ပြီး အင်အားအတိအကျကိုတော့ မသိပါဘူးခင်ဗျာ။ ဖမ်းတာကတော့ ရဲကဖမ်းတာလို့တော့ သိထားပါတယ်"
လက်ရှိမှာတော့ ထားဝယ်မြို့နယ် ရဲစခန်းမှာ အသက် ၄၀ ကျော်ပြီဖြစ်တဲ့ ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ် မရွှေရည်မိုး တို့ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုးဟာ ထားဝယ်တက္ကသိုလ် ဥပဒေပညာဌာန တတိယနှစ် တက်ရောက်နေသူဖြစ်ပြီး သူ့ကို စစ်ကောင်စီဘက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။