နိရဉ္စရာသတင်းထောက် သုံးဦးကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်နဲ့အဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရပြီးနောက် အဲဒီဌာနက သတင်းထောက် သုံးဦးကို မြို့နယ်ရဲတပ်ဖွဲ့က မတ် ၃၁ ရက် မနေ့က ခေါ်ယူစစ်ဆေးခဲ့သလို လက်ပ်တော့ ကွန်ပျူတာတစ်လုံးကိုပါ သိမ်းဆည်းသွားပါတယ်။

နိရဉ္စရာ သတင်းဌာနရုံးကို ၂၀၂၀၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ်နဲ့အဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရပြီးနောက် အဲဒီဌာနက သတင်းထောက် သုံးဦးကို မြို့နယ်ရဲတပ်ဖွဲ့က မတ် ၃၁ ရက် မနေ့က ခေါ်ယူစစ်ဆေးခဲ့သလို လပ်တော့ကွန်ပျူတာတစ်လုံးကိုပါ သိမ်းဆည်းသွားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ နိရဉ္စရာ သတင်းဌာနရဲ့ သတင်းထောက် သုံးဦးကို မနေ့ညနေက ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာပါ။

စစ်ဆေးခံရသူတွေထဲက အကြီးတန်း သတင်းထောက် ကိုသိန်းဇော်က နိရဉ္စရာ သတင်းဌာနရဲ့ သတင်းရေးသား ထုတ်လွှင့်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခံခဲ့ရတယ်လို့ ပြောပါတယ်။

သတင်းသမား သုံးဦးကို ရဲစခန်းမှာ တစ်ဦးချင်းစီ သီးသန့်စစ်ဆေးခဲ့ပြီးတော့ ည ၁၁ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုသိန်းဇော်က ပြောပါတယ်။

သူတို့သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့သတင်းတွေမှာ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းပြီး ဖော်ပြခဲ့တာကြောင့် အခုလို အမှုဖွင့်ထားတာလို့ တာဝန်ကျရဲအရာရှိတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နဲ့ အဖွဲ့ကိုဦးတည်ပြီးတော့ ပြည်နယ်သတင်းတပ်ဖွဲ့ SB က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ မနေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက အရေးယူတဲ့အထဲမှာ သတင်းဌာနတစ်ခုလုံးက သတင်းသမားတွေ ပါဝင်မှာမဟုတ်ဘဲ အမှုနဲ့ ဆက်စပ်ပေါ်ပေါက်သူသာ ပါနိုင်တယ်လို့ ပြောပါတယ်။

နိရဉ္စရာသတင်းဌာနက ကိုနောင်ခိုင်အောင် က ရခိုင်အခြေစိုက်သတင်းသမားတွေဟာ အကာအကွယ်မဲ့ပြီး လုံခြုံမှုကင်းမဲ့နေတယ်လို့ ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က)/၅၂(က) တွေဟာ အများဆုံး ထောင်ဒဏ် ၇ နှစ်၊ ၁၀ နှစ်နဲ့ ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေပါ။

အလားတူ စစ်တွေမြို့အခြေစိုက် DMG သတင်းဌာနက အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးနဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ သတင်းတပ်ဖွဲ့ SB က ပြီးခဲ့တဲ့နှစ် မေလက မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

DMG သတင်းဌာနရဲ့ အယ်ဒီတာ ကိုနေဝင်းစံက သတင်းမီဒီယာသမားတွေဟာ ဥပဒေရဲ့အကာအကွယ်ကို မရကြဘူးလို့ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းက နိရဉ္စရာ သတင်းဌာနကိစ္စနဲ့ ပတ်သက်လို့ တရားမျှတမှုရရှိရေးအတွက် ကူညီပေးသွားမယ်လို့ ပြောပါတယ်။

ရခိုင်မှာအခြေပြုတဲ့ ဒီသတင်းဌာနနှစ်ခုဟာ ရခိုင်ဒေသက စစ်ရေး ပဋိပက္ခသတင်းတွေကို အဓိက ဖော်ပြနေတဲ့ဌာနတွေဖြစ်ပါတယ်။

ဒီသတင်းဌာနနှစ်ခုဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ချခံရနိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့အတွက် ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို လွတ်လွတ်လပ်လပ် မရေးသားနိုင်တော့ဘူးလို့ ဒေသခံ သတင်းသမားတွေကပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ သတင်းဌာန နှစ်ခုက သတင်းသမားတွေဟာလည်း အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org