ဗိုလ်ချုပ်ကြေးရုပ် ဖျက်သိမ်းရေး တောင်းဆိုတဲ့ သပိတ်စခန်းကို ဖြိုခွဲ ၃၆ ဦးကို ဖမ်းဆီး

ဗိုလ်ချုပ်ကြေးရုပ် ဖျက်သိမ်းပေးရေးအတွက် တောင်းဆိုနေကြတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ပြည်နယ် NLD ပါတီ ရုံးရှေ့က သပိတ်စခန်းကို ဒီနေ့ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ဖြိုခွဲလိုက်ပြီး ကရင်နီလူငယ် ၃၆ ဦးကို လွိုင်ကော်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

လွိုင်ကေ်ာမြို့က NLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့်နေတဲ့ ကရင်နီလူငယ်တွေကို ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့ကတွေ့ရစဉ် ဓါတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

ဗိုလ်ချုပ်ကြေးရုပ် ဖျက်သိမ်းပေးရေးအတွက် တောင်းဆိုနေကြတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ပြည်နယ် NLD ပါတီ ရုံးရှေ့က သပိတ်စခန်းကို ဒီနေ့ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ဖြိုခွဲလိုက်ပြီး ကရင်နီလူငယ် ၃၆ ဦးကို လွိုင်ကော်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

အဖမ်းခံရသူ အားလုံးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ဖမ်းဆီးခံရသူ ခွန်ရဲမင်းကျော် က RFA ကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။

ကရင်နီလူငယ်တွေဟာ ပြည်နယ် NLD ရုံးရှေ့မှာ ၅ ရက်ကြာ သပိတ်စခန်းဖွင့်တောင်းဆိုခဲ့ပြီးနောက် ဒီနေ့မှာ ဖြိုခွဲခံရတာဖြစ်ပြီး သူတို့အနေနဲ့ လက်ရှိအချိန်အထိ သပိတ်မလှန်သေးကြောင်းနဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ကရင်နီလူငယ် အင်အားစုက ကိုဒီးဒီ က ပြောပါတယ်။

ဒါ့အပြင် ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြင်ဆင်နေချိန်က ပန်းခြံနားမှာ သပိတ်စခန်းဖွင့် ကန့်ကွက်ခဲ့သူ အယောက် ၂၀ ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြေးရုပ်ထောက်ခံပွဲကို လူအင်အားအတော်များများနဲ့လုပ်ခဲ့ပြီး တဆက်တည်း ကြေးရုပ်ဖွင့်ပွဲပါ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဖမ်းဆီးခံရတဲ့ ၃၆ ယောက်ထဲက ၁၁ ယောက်ခန့်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ရဲတပ်ဖွဲ့က အလားတူ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခဲ့ထားခဲ့ရသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org