NLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြသူ ၇ ဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့် ဖမ်းဆီး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးဖို့ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့တဲ့ ကရင်နီလူငယ် ၇ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးဖို့ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့တဲ့ ကရင်နီလူငယ်တွေကို ဖမ်းဆီးစဉ် ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးဖို့ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့တဲ့ ကရင်နီလူငယ် ၇ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးအတွက် ကရင်နီလူငယ်အင်အားစုတွေဟာ ကယားပြည်နယ် NLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့ ၅ ရက်မြောက်နေ့ဖြစ်တဲ့ မနေ့ညနေမှာ သပိတ်စခန်းဟာ ဥပဒေနဲ့ မညီလို့ဆိုပြီး ရဲတပ်ဖွဲ့က လာရောက်ဖြိုခွဲခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြရာမှာ ပါဝင်တဲ့ ၃၆ ယောက်ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူလိုက်ပြီး ညပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကရင်နီလူငယ်တွေဟာ ဖြိုခွဲခံလိုက်ရတဲ့ သပိတ်စခန်းနေရာမှာပဲ မနေ့ညက သပိတ်စခန်းထပ်ဖွင့်ပြီး ဆက်လက် ဆန္ဒပြခဲ့တာကြောင့် ဒီနေ့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ထပ်မံဖြိုခွဲ ဖမ်းဆီးခဲ့ပါတယ်။ ဖြိုခွဲခဲ့ပြီးနောက် NLD ပါတီရုံးရှေ့ကို သံစူးကြိုးတွေနဲ့ ကာရံထားတယ်လို့လည်း သိရပါတယ်။

ဒီနေ့မနက်က ဖမ်းဆီးသွားတဲ့ ၇ ယောက်မှာ ၆ ယောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဖမ်ဆီးတရားစွဲခံထားရသူတွေဖြစ်ပါတယ်။

ဒီနေ့မနက်က ဖမ်းဆီးခံရသူတွေဟာ ညနေ ၅ နာရီခွဲအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ကရင်နီ လူငယ်အင်အားစုက ခွန်းမျိုးလှိုင်ဝင်း က RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ လွိုင်ကော်မြို့နယ်ရဲစခန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေ ကြားခြင်း မရှိပါဘူး။

NLD အစိုးရတက်လာပြီးနောက်ပိုင်း မွန်၊ ကချင်နဲ့ ကယား စတဲ့ တိုင်းရင်သားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူတာ၊ တံတားတစ်စင်းကို ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးတာ စတဲ့ကိစ္စတွေမှာ ဒေသခံတိုင်းရင်းသားတွေဘက်က ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

အဲဒီထဲမှာမှ တစ်နှစ်နီးပါးကြာ ပဋိပက္ခဖြစ်နေတဲ့အနေအထားကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်လိုက်တဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးဖို့ တောင်းဆိုနေတဲ့ ဒေသခံကရင်နီလူငယ်တွေကို တရားစွဲဆိုတာ၊ တရားဥပဒေနဲ့မညီလို့ဆိုပြီး သပိတ်စခန်းတွေကို ဖြိုခွဲတာကို ရဲတပ်ဖွဲ့က ဒီရက်ပိုင်းမှာ ဆောင်ရွက်ခဲ့တာကြောင့် ပြည်သူတွေကြားမှာ အစိုးရကို ဝေဖန်မှုတွေရှိလာပါတယ်။

အဲလိုကန့်ကွက်နေတာတွေကြောင့် ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ ပြည်နယ်အစိုးရဘက်က စတင်လုပ်ဆောင်ချိန်ကနေ လက်ရှိအချိန်အထိ ၁ နှစ်ကြာကာလအတွင်းမှာ ကရင်နီပြည် လူငယ်အင်အားစုက လူငယ် ၅၅ ယောက်ဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉/၂၀ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ခ/ဂ တို့နဲ့ တရားစွဲဆိုခံထားရပြီလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ကရင်နီလူငယ်တွေဘက်က ဘာကြောင့် အခုလို ကန့်ကွက်နေရတာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒီမေးခွန်းကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်နီပြည် လူငယ်အင်အားစုက ဦးကျော်ထင်အောင် က အခုလို ဖြေကြားပါတယ်။

"လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို အရင်ဖော်သင့်တဲ့ကာလဖြစ်တယ်၊ ရုပ်တုထက် တိုင်းရင်းသားတန်းတူရေးတွေကို ပိုပြီးတော့မှ လုပ်ဆောင်သင့်တဲ့အတွက် ရုပ်ထုမတည်သင့်ကြောင်းဆိုတဲ့ကိစ္စက ပေါ်ပေါက်လာပါတယ်"

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ သွားနေတဲ့အချိန်မှာ အခုလို တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ လုပ်ဆောင်နေတာတွေကို မလုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က သူ့အမြင်ကို အခုလို ထောက်ပြပါတယ်။

"ကျနော်တို့ နိုင်ငံလွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်တည်းက စပြီးတော့ အစိုးရအဆက်ဆက်မှာလည်းပဲ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက် မပေးနိုင်ခဲ့ဘူး၊ အဲးဒီအတွက်ကြောင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးဟာ ဒီနေ့ ဒီအချိန်အထိ မရနိုင်ဘူးဖြစ်နေတယ်၊ လက်ရှိအခြေအနေမှာ၊ ဗမာအရပ်ဖက်ခေါင်းဆောင်တွေရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေရော၊ စစ်ဖက် ခေါင်းဆောင်တွေရောဟာ မျက်နှာစုံညီညှိနှိုင်းဆွေးနွေးပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်နိုင်တဲ့ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်၊ အဲဒီလိုစဉ်းစားမယ်ဆိုရင် တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်တုတွေကို ဒေသခံတွေရဲ့ ဆန္ဒသဘောထားမပါဘဲနဲ့ တည်ဆောက်ဖို့လုပ်နေတဲ့ ခြေလှမ်းတွေကို အမြန်ဆုံးရပ်ပစ်ဖို့ လိုအပ်ပါတယ်"

တိုင်းရင်းသား ဒေသတွေမှာ အတင်းအဓမ္မ ဗိုလ်ချုပ်ကြေးရုပ်တွေ စိုက်ထူတာဟာ ဗိုလ်ချုပ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်လို့ ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က အခုလို သူ့အမြင်ကို ပြောပါတယ်။

"သူ့သက်ဆိုင်ရာဒေသအလိုက် သူရဲခေါင်းတွေရှိတယ်၊ အဲသူရဲခေါင်းတွေကို ကျော်လွန်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်ကို ဘာ့ကြောင့်ထူထောင်ရမှာလဲ ဆိုတဲ့စိတ်လည်းသူတို့မှာရှိတယ်၊ ကယားပြည်နယ်ကတော့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက ပိုပြီးတော့ ပြင်းထန်များပြားလာတာပေါ့ဗျာ၊ ဒီကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ အပြစ်မဟုတ်ဘူး၊ သမိုင်းကြောင်းနဲ့ NLD အစိုးရရဲ့ ဒီနေ့ တိုင်းရင်းသား ပြည်သူတွေရဲ့ဆန္ဒကို ကျောခိုင်းပြီးတော့ အတင်းအဓမ္မ ဗိုလ်ချုပ်ကြေးရုပ် ထူထောင်ဖို့ကြိုးစားတဲ့အတွက် ဗိုလ်ချုပ်ကို ဂုဏ်သိက္ခာကျစေတယ်လို့ ယူဆပါတယ်၊ မလုပ်သင့်ဘူးလို့ ကျနော်က ယူဆပါတယ်"

ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ကတော့ သူ့ရဲ့ တစ်ဦးတည်းအမြင်ကို အခုလို ပြောပါတယ်။

"ဗိုလ်ချုပ်ဆိုတာက အမျိုးသားခေါင်းဆောင် တပ်မတော်ဖခင်ပဲ၊ လွတ်လပ်ရေးဗိသုကာပဲလေ၊ အထူးသဖြင့်တော့ ဒီကယားပြည်နယ် လွတ်လပ်ရေးရအောင် ကျနော်တို့ ဗမာတွေနဲ့ ကယားပြည်နယ်တစ်ခုလုံးကလည်း ပူးပေါင်းပြီးတော့ လုပ်ခဲ့တာလေ၊ ဒီကိစ္စက ဗိုလ်ချုပ်ကြေးရုပ်ကို အထိမ်းအမှတ်ပေါ့လေ ထားသင့်တယ်လို့ ကျနော်ကမြင်တယ်"

တစ်ဘက်မှာလည်း တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ကြေးရုပ်တွေထားရှိတဲ့အပေါ် တိုင်းရင်းသားပါတီတချို့ရဲ့ သဘောထားအမြင်တွေကိုလည်း RFA က အခုလို မေးမြန်းခဲ့ပါတယ်။

"တိုင်းရင်းသား ပြည်နယ်အားလုံးက ဗိုလ်ချုပ်ကို ကျနော်တို့ လေးစားပါတယ်၊ အသိအမှတ်ပြုတယ်၊ တစ်ဘက်မှာ သူ့ရဲ့ကတိကဝတ် ဥပမာ-တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အတတ်နိုင်ဆုံး အကောင်အထည်ဖော်တာက ပိုအရေးကြီးတယ်၊ ကြေးရုပ်ကြီးလာထားတော့လည်း ဘာအကျိုးရှိမလဲ ဆိုတဲ့အမြင်က ကျနော်တို့ရဲ့ ခံယူချက်ပဲ"

ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် က သူ့ရဲ့ခံယူချက်ကို ပြောသွားတာပါ။

ဆက်လက်ပြီး ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း က

"ကျနော်တို့ ကချင်ဒေသမှာလည်း လွန်ခဲ့တဲ့ တချိန်တုန်းက ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူပါတယ်။ ကျနော်တို့ ကချင်ပါတီတွေက ဒါကို တရားဝင် ကန့်ကွက်ကြေညာချက် ထုတ်ထားပါတယ်။ ဒါကို မသိကျေးကျွန်ပြုပြီးမှ စိုက်ထူပါတယ်။ အခုလည်း ဆက်လက်ပြီးတော့မှ စိုက်ထူမယ့်ဟာတွေ ရှိတယ်လို့ကြားနေတယ်။ ကျနော့် အနေနဲ့လည်း ဒီဟာကို လုံးဝကန့်ကွက်ပါတယ်။ ဆက်လက်ပြီး ဒီဟာမျိုးပဲ လုပ်နေမယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ကွာဟမူတွေကို ပိုများလာလိမ့်မယ်"

တစ်ဘက်မှာလည်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးမှ လွတ်လပ်လာတဲ့အခါ သူတို့ လေးစားမြတ်နိုးရသူကို အထိမ်းအမှတ်အနေနဲ့ လုပ်ဆောင်ချင်တာကို နားလည်ပေမယ့် အတင်းအဓမ္မလုပ်တဲ့ဟာ မှန်သမျှကိုတော့ ကန့်ကွက်တယ်လို့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက ဒေါ်သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကန့်သတ်ခံရတယ်၊ ဖိနှိပ်ခံရတယ်။ သတင်းအမှားတွေ လွှင့်ခံရတဲ့အခါမှာ အခုလို လွတ်လပ်တဲ့ NLD ဦးဆောင်တဲ့ အစိုးရ ဖြစ်လာတဲ့အခါမှာ လူတွေက ဒီဟာအပေါ်မှာ ဂုဏ်ယူစွာနဲ့ လေးစားတဲ့စိတ်ကို ပြန်ဖော်ထုတ်လိုတဲ့အနေနဲ့ ၊ နောက်လက်ဦးမှုရယူတဲ့ သဘောနဲ့ပေါ့၊ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ရုပ်တုတွေ ဒါတွေက မြောက်များစွာ အထင်ကရလုပ်လာကြတယ်။ ရုပ်တု ပုံသဏ္ဍန်နဲ့ ကိုးကွယ်တဲ့ အလေ့အထက မြန်မာနိုင်ငံမှာ ပိုပြီးတော့များတယ်ပေါ့။ အတင်းအဓမ္မလုပ်တဲ့ လုပ်ငန်းမှန်သမျှကို ကျမတို့ကတော့ ကန့်ကွက်တယ်ပေါ့နော်၊ ဒေသခံတွေရဲ့ အမြင်အယူအဆတွေကို လေးစားလိုက်နာသင့်တယ်လို့ မြင်တယ်"

ဒီလို အတင်းအဓမ္မစိုက်ထူမှုတွေကြောင့် နဂိုကတည်းက လေးစားမှုရှိပြီးသား ဗိုလ်ချုပ်အောင်ဆန်းအပေါ် သိက္ခာချနေသလိုဖြစ်ကြောင်း သုံးသပ်သူတွေရှိသလို တိုင်းနဲ့ ပြည်နယ် အားလုံးနီးပါးမှာ ဗိုလ်ချုပ်ကြေးရုပ်တွေ စိုက်ထူဖို့က မဖြစ်မနေလိုအပ်သလားဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org