မန္တလေး ဆန္ဒပြကျောင်းသားတွေကို ရဲက အမှုဖွင့်

ခေမဏီဝင်း
2020.02.05
mdy-students-protest-622.JPG မန္တလေး ပညာရေးကောလိပ်မှာ ကျောင်းသားတွေ ၂၀၂၀ ဖေဖော်ဝါရီ ၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khaymani Win/RFA

အခြေခံပညာကျောင်းတွေ စာမေးပွဲစစ်ဆေးမယ့် အစီအစဉ်ကို ပြန်ပြောင်းလဲပေးဖို့နဲ့ စာမေးပွဲအချိန်စာရင်း အတိအကျ ထုတ်ပြန်ပေးဖို့ မန္တလေးမြို့မှာ တောင်းဆို ဆန္ဒပြခဲ့တဲ့ ကျောင်းသား သုံးယောက်ကို ချမ်းအေးသာ စံမြို့နယ်  အမှတ် (၃) စခန်းရဲစခန်းက အမှုဖွင့်ထားပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးပညာရေးတက္ကသိုလ်အတွင်း ကျောင်းသူ၊ ကျောင်းသား ၅၀ လောက်ဟာ တိုင်းဒေသကြီး ပညာရေးမှူး ရုံးရှေ့ကို ချီတက်ဆန္ဒပြရာမှာ   ခွင့်ပြုချက်မတင်ခဲ့တဲ့အတွက်  အမှုဖွင့်တာလို့ သိရပါတယ်။

အမှုဖွင့်တာနဲ့ ပတ်သက်လို့ တရားဝင်အကြောင်းကြားလာတာ မရှိသေးဘူးလို့ မန္တလေးပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးကိုက ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ နောက် နှစ်ယောက်ကတော့ ကျောက်ပန်းတောင်း အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုထူးခန့်သော်၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂမှာ တာဝန်ယူထားတဲ့ မဇူးဇမ်တို့ ဖြစ်ပါတယ်။

ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အမှုနဲ့ပတ်သက်ပြီး မဖြေကြားနိုင်သေးဘူးလို့ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အခုလို ဆန္ဒပြတောင်းဆိုကြတဲ့ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်က ကျောင်းသူ၊ ကျောင်းသားတွေကို အမှတ်လျော့တဲ့နည်းနဲ့ အရေးယူမယ်ဆိုပြီး မိဘတွေကို ဖိအားပေး ခြိမ်းခြောက်နေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက် လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ဖြေရှင်းသွားမယ်လို့လည်း ဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းဝင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) ဟာ  ထောင်ဒဏ် သုံးလ ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။