ဗကသ ကျောင်းသားခေါင်းဆောင် ကို ကျပ် ၆ သိန်း အာမခံ နဲ့ ပြန်လွှတ်ပေး
ပဲခူးတိုင်း သဲကုန်းမြို့နယ်က မြေသိမ်းခံ လယ်သမားတွေကို ကူညီနေတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို သဲကုန်းမြို့နယ် ရဲတပ် ဖွဲ့က ဒီနေ့ဖမ်းဆီးရုံးတင်ပြီး ကျပ်ငွေ ၆ သိန်း အာမခံ နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
-
2014-08-12 -
-
-
Your browser doesn’t support HTML5 audio
ပဲခူးတိုင်း သဲကုန်းမြို့နယ်က မြေသိမ်းခံလယ်သမားတွေကို ကူညီနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့က ဒီနေ့ဖမ်းဆီးရုံးတင်ပြီး ကျပ်ငွေ ၆ သိန်း အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့က ဒေသခံတောင်သူတွေရဲ့ထွန်တုံးတိုက်ပွဲမှာ ဦးဆောင်ပါဝင်တယ်ဆိုပြီး မြေသိမ်းထားတဲ့ သမ ၃ ဌာနက ပိုင်နက်ကျူးလွန်မှုနဲ့ ကိုမင်းသွေးသစ်နဲ့လယ်သမား ၁၁ ယောက် တရားစွဲထားတဲ့ကိစ္စမှာ ကိုမင်းသွေးသစ်က တရားရုံးမတက်တဲ့အတွက် ဝရမ်းပြေးကြေညာထားရာ ကနေ ဒီနေ့မနက်ဖမ်းလိုက်တာပါ။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ကိုမင်းသွေးသစ်က RFA ကို အခုလိုပြောပါတယ်။
"၃ ရက်နေ့က ထွန်တုန်းတိုက်တဲ့ကိစ္စနဲ့ တရားစွဲတာ၊ ပြီးခဲ့တဲ့နှစ်ခေါက်မှာ ရုံးချိန်းကို ကျနော်ကမသွားဘူး၊ မသွားတော့သူက ဖမ်းဝရမ်းထုတ်လိုက်တယ်၊ ဒီနေ့ကျနော်က ကိုပေါက်စတို့ရုံးချိန်းမှာ ဗကသကျောင်းသားတွေနဲ့ ကျနော်လိုက်တယ်၊ အဲဒါ ဝရမ်းထုတ်တဲ့အတွက် ဖမ်းတယ်ပေ့ါနော်၊ သဲကုန်းမြို့နယ်စခန်းမှူးက ရုံးမှာပဲ ကျနော့်ကိုပြောတယ်ပေါ့၊ ကျနော်က သူ့ကိုဝရမ်းတောင်းပါတယ်၊ သူဝရမ်းချက်ခြင်းထုတ်ပြတယ်၊ အာမခံချက် ချင်းပေးပါ့မယ်ယူပါဆိုတော့ ကျနော်အာမခံမယူနိုင်ဘူး၊ အာမခံယူရင် ခင်ဗျားတို့ မတရားစွဲထားတဲ့ဥစ္စာကို အသိအမှတ်ပြုရာကျမယ်၊ အဲတော့မယူဘူး ဖမ်းရင်တခါတည်းဖမ်းသွားလို့ပြောတော့ အမှုစွဲတာက သူတို့စွဲထား တာမဟုတ်ဘူပေါ့၊ သူတို့ကလည်း ကြားထဲကဒါကို မဖမ်းချင်ပါဘူးပေါ့၊ အဲတော့ အာမခံယူဖို့ပဲ ကြားထဲက သူတောင်းပန်ပါတယ်ဆိုပြီးတော့ ပြောပါတယ်"
သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းရွာ ၅ ရွာက လယ်မြေဧက ၅၀၀၀ ကျော်ကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၈ဝ က စစ်တပ်ရန်ပုံငွေအတွက်ဆိုပြီး ၂ဝဝဝ ခုနှစ်က သိမ်းဆည်းခဲ့တာရှိသလို၊ သမ ၃ နဲ ့ဒေသခံခရိုနီတဦးကလည်း လယ်တွေသိမ်းထားတာရှိတဲ့အတွက် မူလလယ်သမားတွေကသူတို ့လယ်တွေပြန်ရဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုကြောင့် အခုဆိုရင် လယ်သမား ၄ ယောက်ကို ဖမ်းထားပြီး၊ ဗကသအဖွဲ့ဝင် ၂ ဦးနဲ့ လယ်သမား ၂၀ ကျော်ကို တရားစွဲထားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။