ကချင်ဆရာမ ၂ ဦး သတ်ဖြတ်မှု ဆက်လက်စစ်ဆေး၊ စွပ်စွဲမှုတွေကို တပ်မတော် သတိပေး
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကောင်း ခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရမှုနဲ့ပတ်သက်ပြီး ရွာသား ၆ ဦးကို မူဆယ်မြို့နယ်တရား ရုံးမှာ ဒီနေ့ စစ်ဆေးနေပါတယ်။
-
2015-01-29 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်၊မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ရွာသား ၆ ဦးကို မူဆယ်မြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးနေပါတယ်။
တရားရုံးက လျှို့ဝှက်စစ်ဆေးနေတာဖြစ်တယ်လို့ မူဆယ်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဦးဇော်ရာ က ပြောပါတယ်။
"ဒီနေ့ကျတော့ ရွာသားတွေ ၆ ယောက်လောက်ကို မူဆယ်မှာပြန်စစ်မယ်၊ ကျနော်ကြည့်ရတာတော့ အားလုံးစစ် ပြီးလောက်ပြီ၊ နောက်ထပ် ပြန်စစ် ပြန်စစ်နဲ့ပေါ့ အဲ့လိုမျိုးထပ်နေတာပေါ့၊ အရင်ကတော့ ဘာမှမပြောသေးဘူးဗျ၊ သူတို့ထုတ်ပြန်ချက်လည်း မထုတ်သေးဘူး၊ ကျနော်တို့ ဆက်စောင့်ကြည့်နေတယ် ရဲ စစ်တပ်တွေကို စောင့် ပြီးတော့ပေါ့၊ ကျနော်တို့လည်း အမှုမှန်ပေါ်ပေါက်ဖို့ ကျနော်တို့လည်း စောင်ကြည့်နေတာပေါ့၊ မနေ့ကတော့ ရွာမှာစစ်တယ် ဒီနေ့ကတော့ မူဆယ်မှာပြန်စစ်တယ်၊ ရဲက သူတို့ကို လျှို့ဝှက်ချက်နဲ့စစ်နေတော့ ကျနော်တို့လည်း မသိဘူး"
ကချင်ကျောင်းဆရာမ နှစ်ဦးသေဆုံးမှုအတွက် ရွာသားတွေအပြင် ကောင်းခါးကျေးရွာအနီးက အစိုးရ တပ်မတော်စစ်ကြောင်းက တပ်မတော်သားတွေကိုလည်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့တွေရဲ့ စစ်ဆေးတွေ့ရှိချက်အရ ပြစ်မှုကျူးလွန်သူဟာ တပ်မတော်သားတွေ ဖြစ်နိုင်ဖွယ်မရှိကြောင်း၊ တပ်မတော်က ဒီနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့ပြင် အဲ့ဒီမုဒိန်းကျင့် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း တပ်မတော်ကို ပုတ်ခတ်ရေးသားပြောဆိုသူတွေ ရှိနေကြောင်း၊ စွပ်စွဲပြော ဆိုမှုတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်က နိုင်ငံပိုင်သတင်းစာတွေကနေ ဒီနေ့ သတိပေးထုတ်ပြန်လိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။