ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ ကျောင်းသား နှစ်ဦးကို ရဲတပ်ဖွဲ့ စစ်ဆေး
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသတချို့မှာ အင်တာနက် မြန်နှုန်းချထားတာကို အမြန်ဆုံး ပြန်လည်တိုးမြှင့်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတချို့ကို အမှတ် (၆) နယ်မြေရဲစခန်းက ဒီနေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
-
ခေမဏီဝင်း
2020-09-13 -
-
-
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသတချို့မှာ အင်တာနက် မြန်နှုန်းချထားတာကို အမြန်ဆုံး ပြန်လည် တိုးမြှင့်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသား တချို့ကို အမှတ် (၆) နယ်မြေရဲစခန်းက ဒီနေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ကို အခုလ ၁၀ ရက်နေ့က မန္တလေးမြို့မှာ ရခိုင်ပြည်နယ်အရေး ဆန္ဒပြတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ခေါ်စစ်တာ ဖြစ်ပါတယ်။
ကျောင်းသားတွေက ရခိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြသကြောင်း၊ ၈၄ လမ်း၊ ၃၁ လမ်းကနေ ၂၆ လမ်း ဈေးချိုတော်အထိ လမ်းလျှောက် ဆန္ဒပြခဲ့တာကြောင့် ခေါ်စစ်ခံရတာပါ။
အဲဒီလို ဆန္ဒပြတဲ့အတွက် ကျောင်းသား ၁၃ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉ )နဲ့ အမှုဖွင့်ထားတယ်လို့ အမှတ် (၆) နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ် တိုးတိုးက ပြောပါတယ်။
“အခင်းဖြစ်ဓာတ်ပုံတွေအရ အမှုဖွင့်ထားတယ်။ ခေါ်စစ်တာပါ။ အာမခံပေးလို့ရတဲ့ အမှုဖြစ်လို့ အာမခံ ပေးမှာပါ။ ကျင့်ထုံးဥပဒေနဲ့ပြောရရင် အာမခံပေးဖို့အတွက် ခိုင်လုံတဲ့အာမခံ နှစ်ဦးကို လက်ထဲကို အပ်ပေးရတယ်။ အဲဒီလိုမှ မဟုတ်ရင် ကိုယ်ပိုင်ခံဝန်နဲ့ ပေးတယ်။ အာမခံမယူဘူးဆိုရင်လည်း တရားရုံးကို တရားစွဲမတင်ပို့မီအချိန်မှာ လွတ်လပ်စွာ နေခွင့်ပေးမှာပါ။”
အဲဒီကျောင်းသား နှစ်ဦးကို ဗကသ အဖွဲ့ရုံးစိုက်ရာ ရတနာပုံတက္ကသိုလ်ထဲကို ရဲတပ်ဖွဲ့က လာရောက် ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အခုလို တရားစွဲဆိုတာက လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရရှိသေးတာကို ပြသတာပဲလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်က ပြောပါတယ်။
“ဗကသများအဖွဲ့ချုပ်ရဲ့ မူဝါဒအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သပိတ်မှောက်ထားပြီးသားလည်း ဖြစ်တယ်။ အဲဒီတော့ တရားစွဲလည်း အာမခံယူမှာ မဟုတ်ပါဘူး။“
ကျောင်းသားတွေကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။
"နှစ်ဘက်ပြောချင်ပါတယ်။ ကျောင်းသားတွေ ဆန္ဒဖော်ထုတ်တာကို မကန့်ကွက်ဘူး၊ ကိုဗစ်ကာလမှာ ဥပဒေနဲ့အညီပဲ ပြသင့်တယ်။ ဒုတိယအချက်က တစ်ဘက်ကလည်း ကျောင်းသားတွေကို အရေးယူတာတွေ မလုပ်ပါနဲ့၊ သဘောထားကြီးကြီးနဲ့ လုပ်စေချင်တယ်။ ထောင်ချတာတို့ တရားစွဲတို့က လွန်တယ်။"
ကျောင်းသားတွေ ဆန္ဒပြခဲ့ချိန်က ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ တပ်မတော်ကြီး လည်း ချီလာပါပြီ၊ ပြည်သူများလည်း သေကုန်ပါပြီ၊ အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး၊ စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်း ကြွေးကြော်ခဲ့တာ တွေ့ရပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နောက်ထပ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဘချစ်ကိုလည်း နေအိမ်မှာရှိနေချိန် စက်တင်ဘာ ၁၀ ရက်နေ့ ညက အမှတ် (၆) ရဲစခန်း တာဝန်ရှိသူတွေ လာရောက်ဖမ်းဆီးခဲ့ပြီး နောက်ရက်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၁၀ ရက်နေ့ကပဲ ရခိုင်ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် နှစ်ယောက်ကိုလည်း ရဲအရာရှိတွေ မနေ့ညက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားကြောင်း ပြောပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့မှာပဲ ဆန္ဒပြစဉ် အဖမ်းခံခဲ့ရတဲ့ ကျောင်းသား သုံးဦးကိုတော့ အာမခံ မရနိုင်တဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။