ရန်ကုန်ပြန်သုံးဦးကို ခေါ်လာတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး စစ်ဆေးခံရ

တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ရန်ကုန်က ပြန်လာသူတချို့ကို မွန်နဲ့ တနင်္သာရီနယ်စပ် ရေဖြူမြို့နယ်မှာ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ထားဝယ်မြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကို ဘေးစီမံဥပဒေ ပုဒ်မ -၂၅ နဲ့ အရေးယူဖို့ ရဲတပ်ဖွဲ့က ပြင်ဆင်နေပါတယ်။

တနင်္သာရီတိုင်း ထားဝယ်တက္ကသိုလ် ဗထူးဆောင်မှာဖွင့်လှစ်ထားတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာရှေ့မှာ ပိုးသတ်ဆေးဖျန်းဖို့ ပြင်ဆင်နေသူတွေကို ၂၀၂၀ ဒီဇင်ဘာလက တွေ့ရစဉ် Photo: Nyan Soe Win/RFA

တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ရန်ကုန်က ပြန်လာသူတချို့ကို မွန်နဲ့ တနင်္သာရီနယ်စပ် ရေဖြူမြို့နယ်မှာ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ထားဝယ်မြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကို ဘေးစီမံဥပဒေ ပုဒ်မ -၂၅ နဲ့ အရေးယူဖို့ ရဲတပ်ဖွဲ့က ပြင်ဆင်နေပါတယ်။

ရန်ကုန်ရောက်နေတဲ့ တနင်္သာရီတိုင်းက နေရပ်ပြန်လိုသူတွေကို တိုင်းအစိုးရက အသုတ်ခွဲပြီး ပြန်ခေါ်ဖို့ စီစဉ်ဆောင်ရွက်နေချိန်မှာ ထားဝယ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ရန်ကုန်ကနေ ထားဝယ်ကို လူတစ်ဦး ငွေ ရှစ်သောင်းကျပ်နဲ့ တရားမဝင် လူသယ်နေ တယ်လို့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှာ တချို့က စွပ်စွဲ ရေးသားနေကြပါတယ်။

ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်ကတော့ သူတို့ကို ရေဖြူမြို့နယ်အထိ သွားရောက်ပြီး အခမဲ့ ကူညီ ခေါ်ဆောင်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဦးစိုးထိုက်ကို ဘေးစီမံဥပဒေ ပုဒ်မ -၂၅ နဲ့ အရေးယူနိုင်ဖို့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ထားဝယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ သဘောထား တောင်းခံထားတယ်လို့ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းက ပြောပါတယ်။

“အမှုပေါ်ပေါက်တယ်၊ မပေါ်ပေါက်တယ်ဆိုတာ ဟိုမှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စုံခုံအဖွဲ့နဲ့ သူတို့ စစ်ဆေးနေတယ်၊ စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ်ဆေးနေပါတယ်ဗျ၊ ပေါ်ပေါက်တဲ့အခါ ပေါ်ပေါက်မှု အပေါ် မူတည်ပြီးတော့ ညွှန်ကြားချက်တိုင်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ခင်ဗျ၊ ကျွန်တော်တို့က မြို့နယ်ထွေအုပ်၊ မြို့နယ်ထွေအုပ်ကနေ ခရိုင်ထွေအုပ်၊ ခရိုင်ထွေအုပ်ကနေ အစိုးရအဖွဲ့ရုံးကို တင်ပြထားတယ်လို့ သိရပါတယ်၊ လက်ရှိ အနေအထားမှာတော့ တရားစွဲဖို့ကို ဘာမှညွှန်ကြားချက် မလာသေးပါဘူးခင်ဗျာ”

တရားမဝင်နည်းလမ်းနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ ဖြစ်စဉ်တွေကို စစ်ဆေးတွေ့ရှိရပါက တရားမဝင် ခေါ်ဆောင်လာတဲ့ယာဉ်၊ ပုဂ္ဂိုလ်နဲ့ ပြန်လည်ဝင်ရောက်လာသူတွေကို တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီက ပြီးခဲ့တဲ့လလယ်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘေးစီမံဥပဒေ ပုဒ်မ -၂၅ အရ ၃ နှစ်ထက် မပိုသော ထောင်ဒဏ်၊ ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ရန်ကုန်က ပြန်လာခဲ့ကြတဲ့ တနင်္သာရီတိုင်း ဒေသခံ သုံးဦးကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်နိမိတ် အစပ်ဖြစ်တဲ့ မလွဲတောင် စစ်ဆေးရေးဂိတ်အနီးသို့ ကားလွှတ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့က သွားကြိုပေးခဲ့တာ မှန်ပေမယ့် နေရပ်ပြန်လာသူတွေဆီက အခကြေးငွေ ရယူခဲ့ခြင်း မရှိခဲ့ဘူးလို့ ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က RFA ကို ပြောပါတယ်။

“ကျွန်တော်က လူခိုးသယ်တယ်၊ လူတစ်ဦးကို ရှစ်သောင်းကျပ် ယူတယ်ဆိုရင် ကျွန်တော့်ကို အရေးယူပါ၊ အရေးယူဆောင်ရွက်ပါ။ ကျွန်တော်မလုပ်ပါဘူး၊ တစ်ယောက်ကိုလည်း ရှစ်သောင်းယူတာ မရှိပါဘူး၊ ကျွန်တော်က သူတို့ သုံးယောက် ကူညီပေးပါပြောလို့ ထားဝယ်ကနေ မိုင် ၈၀ ရှိပါတယ်၊ မလွှဲတောင်ကို အသွား အပြန်ဆို မိုင် ၁၆၀ ရှိပါတယ်။ အဲဒါကို ကျွန်တော် စေတနာသက်သက်နဲ့ ကူညီပေးတာပါ၊ ဒါပေမဲ့ ဒီအပေါ်မှာ သူတို့က မေတ္တာနဲ့ တုံ့ပြန်တဲ့အနေနဲ့ ဆီထည့်ပေးမယ် ဆိုပြီးတော့ အလှူငွေတော့ ထည့်ခဲ့တယ် လို့ ကျွန်တော်ကြားပါတယ်၊ ဒါက ဒေါ်လဲ့လဲ့စိုး ပေးခဲ့တယ်လို့ ကြားတယ်၊ ကျွန်တော်က တစ်ပြားတစ်ကျပ်မှ မယူသေးပါဘူး”

နေရပ်ပြန်လာကြတဲ့ထဲမှာ ထားဝယ်မြို့က ဒေသခံ တစ်ဦးနဲ့ လောင်းလုံးမြို့က ဒေသခံ နှစ်ဦးပါပြီး သူတို့ သုံးဦးကို နေအိမ်ပေးပြန်ခဲ့တာ မဟုတ်ဘဲ ထားဝယ်မြို့ထဲကို ရောက်ရှိတာနဲ့ ထားဝယ်တက္ကသိုလ်နဲ့ လောင်းလုံး CBFQ စခန်းထံ ပို့ဆောင်ပေးခဲ့တာလို့ ဦးစိုးထိုက်က ပြောပါတယ်။

ဦးစိုးထိုက်ကို စစ်ဆေးထားတဲ့ တွေ့ရှိချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အဆင့်ဆင့် တင်ပြထားတယ်လို့ ထားဝယ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောပါတယ်။

“စစ်ဆေးတွေ့ရှိတာကတော့ သူက သဘောရိုးရိုးနဲ့ ဆောင်ရွက်တဲ့အပိုင်းလေးတွေတော့ တွေ့ရတာပေါ့နော်၊ အဲဒါကတစ်ချက် နောက်အထက်ကို တင်ပြရန် ပျက်ကွက်တဲ့အချက်တွေလည်း တွေ့ရတာပေါ့၊ သူက ငွေကြေးတော့ ယူတာမဟုတ်ဘူးပေါ့နော်၊ သူ့ရပ်ကွက်သူ တစ်ယောက်က အခက်အခဲရှိတယ်ဆိုပြီး အကူအညီ သွားတောင်းတာပေါ့နော်၊ အခက်အခဲရှိတယ် အကူညီတောင်း တော့သွားတယ်၊ ကျန်တဲ့ နှစ်ယောက်ပါပါလာတယ်၊ ကျန်တဲ့ နှစ်ယောက်က ဆီဖိုးကိုတော့ သူ့ကိုပေးတယ်၊ သူ့လက်ထဲတော့ မရောက်ဘူးပေါ့နော်၊ ကျွန်တော်တို့ကတော့ စစ်ဆေးတွေ့ရှိချက်တွေတော့ တင်တယ်ခင်ဗျ၊ အစိုးရအဖွဲ့ကတော့ ဆုံးဖြတ်မှာပေါ့ခင် အရေးယူမယ်၊ မယူဘူးဆိုတာ”

ထားဝယ်မြို့ပြန်ဖို့ ဒေါင်းငူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်ထံ အကူအညီ တောင်းခဲ့တာလို့ ရန်ကုန်ကပြန်လာသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ ရှိနေကြတဲ့ တနင်္သာရီတိုင်း ဒေသခံတွေထဲက ၁၇၀ ကျော်ကိုတော့ ပထမအသုတ်အနေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ နေရပ်သို့ ပြန်လည်ခေါ်ယူပေးခဲ့ပါတယ်။

အလုပ်အကိုင်၊ အလည်အပတ်၊ ဆေးဝါးကုသဖို့ အစရှိတဲ့ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်မြို့ကိုရောက်နေကြတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဒေသခံတွေဟာ ကပ်ဘေးအတွင်း ကာလကြာရှည်တဲ့ အသွားအလာ ကန့်သတ်ချက်ကြောင့် နေရပ်ပြန်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org