ကျောက်တော်ကပျောက်နေသူ ၁၈ ဦးကိစ္စ တပ်ကိုအမှုဖွင့်ဖို့ ရဲလက်မခံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ ဦးကို လွန်ခဲ့တဲ့ ကိုးလလောက်ကတည်းက တပ်မတော်က ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက မနေ့က ကျောက်တော်မြို့မ ရဲစခန်းမှာ ဒုတိယအကြိမ် သွားရောက်တိုင်ကြားခဲ့ ကြပေမယ့် အမှုဖွင့်ဖို့ ငြင်းဆိုခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လထဲ မြန်မာ့တပ်မတော်က ဖမ်းသွားတယ်လို့ဆိုတဲ့သူ ၁၈ ယောက် ခုချိန်ထိ ပျောက်နေတဲ့အတွက် မိသားစုတွေက ဒုတိအကြိမ် အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူးလို့ သိရပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ တင်းမရွာသစ်က ၈ ယောက်၊ မတ်လ ၁၆ ရက်နေ့မှာ တင်းမကြီးရွာကရွာသား ၁၀ ယောက်ကို စုစုပေါင်း ၁၈ ယောက် မြန်မာ့တပ်မတော်က ဖမ်းဆီးသွားတာလို့ မိသားစုတွေက ပြောပြီး အဲဒီအချိန်ကတော့ တပ်မတော်ဘက်က ငြင်းထားပါတယ်။

ပျောက်နေတဲ့သူတွေအတွက် မြန်မာ့တပ်မတော် တပ်မ (၅၅) က တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက ကျောက်တော်မြို့မရဲစခန်းမှာ မတ်လ ၂၃ ရက်နေ့မှာ ပထမဆုံး တိုင်တန်းခဲ့ပေမယ့် ရဲစခန်းက အမှုဖွင့်ပေးတာ မရှိခဲ့ပါဘူး။

တင်းမရွာက လူ ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးတဲ့အတွက် ဖမ်းဆီးခံရတဲ့ သက်သေအထောက်အထားတွေနဲ့ ရဲစခန်းမှာ အကြောင်းကြား တိုင်တန်းကြဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် မိသားစုတွေက မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် ရဲစခန်းသွားပြီး အမှုဖွင့်တဲ့အခါမှာလည်း ငြင်းဆိုခံခဲ့ရတယ်လို့ အမှုဖွင့်တိုင်တန်းဖို့ သွားရောက်ခဲ့တဲ့ ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောပါတယ်။

"ရဲက ဒါဟာ စစ်တပ်ကလုပ်တာဖြစ်တဲ့အတွက် စစ်တပ်ကိုပဲ တိုင်ကြားပါ။ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး။ ဒီအမှုကို ကျွန်တော်တို့ လက်ခံလို့မရဘူးဆိုပြီးတော့ ရဲက တရားဝင်ငြင်းပါတယ်။ ဆိုတော့ ကျွန်တော်တို့ကလည်း ဒါရဲနဲ့ဆိုင်တဲ့ ပြစ်မှုဖြစ်တယ်။ ရဲစခန်းကို လာရောက်တိုင်တန်းသူရှိရင် အမှုဖွင့် ပေးရမှာက ရဲတာဝန်ပဲ။ ဒါကြောင့် ရဲအလုပ်ကို ရဲလုပ်ပါဆိုပြီး ကျွန်တော်တို့ စကားများကြ သေးတယ်။ အဲလိုစကားများကြတဲ့နောက်ပိုင်း အဲဒီတိုင်တန်းချက်စာရွက်ကို ထားခဲ့ပါ၊ စစ်တပ်ကို အဲဒီစာတွေကို ပေးပေးမယ်ဆိုပြီး မဆိုင်တဲ့စကားတွေကို ရဲကပြောတယ်။"

အမှုဖွင့်တာလက်မခံတဲ့အပြင် ရဲစခန်းတာဝန်ကျ အရာရှိတွေနဲ့ စကားများကြပြီး ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် ထွက်ပြေးလာခဲ့ရတယ်လို့ ပျောက်နေတဲ့သားအတွက် တိုင်ဖို့သွားခဲ့တဲ့ ဦးမောင်ကျော်ဝင်းကပြောပါတယ်။

"ရုံးထဲဝင်သွားတော့ အမှုဖွင့်ဖို့အတွက် စခန်းမှူးကို စောင့်နေတယ်။ စခန်းမှူးရောက်လာတော့ ကျွန်တော်တို့ ရွာသား လေးယောက်က ဝင်သွားတယ်။ အထဲကိုဝင်သွားတော့ ကျွန်တော့ကို ရဲကဘာပြောလဲဆိုတော့ ခင်ဗျားကိုဖမ်းချုပ်ထားလို့ရတယ်လို့ ပြောတယ်။ ကျွန်တော်ကလည်း တပ်ကဖမ်းသွားသူတွေထဲမှာ ကျွန်တော့သား တစ်ယောက်လည်း ပါသွားတယ်။ သားအတွက် လာတိုင်လာလို့ပြောတယ်။ အဲဒီလို ပြောပြီးတာနဲ့ သူက တစ်ယောက်ဆီကို ဖုန်းဆက်တာတွေ့တယ်။ အဲလိုဆက်နေတော့ ကျွန်တော်ကစိုးရိမ်ပြီး ရဲစခန်းမှာ မနေရဲတော့ဘဲ ရှောင်ပြေးလာခဲ့တယ်။"

အခုလိုမိသားစုတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်း တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ဆက်သွယ်ပေမယ့် တာဝန်ခံဖြေမယ့်သူ မရှိခဲ့ပါဘူး။

စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေဆိုင်ရာအဖွဲ့ စီမံကိန်းဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း က

"လူပျောက်တယ်ဆိုရင်တောင် ဥပဒေကြောင်းအရ တိုင်တန်းတာကို ရဲစခန်းက စနစ်တကျ အမှုလက်ခံ ပေးရတာဖြစ်ပြီး ဒါဟာ နိုင်ငံသားတိုင်း ဥပဒေပါ အခွင့်အရေးကို ရရှိသင့်တာဖြစ်တယ်လို့ ပြောပါတယ်။ ကျောက်တော်ဒေသခံ ၁၈ ယောက်ကိစ္စကို ရဲစခန်းက အမှုဖွင့်ခွင့် မပေးတာဟာ နိုင်ငံသားတိုင်းရဲ့ ဥပဒေပါအခွင့်အရေးကို ဆုံးရှုံးတာလို့" ပြောပါတယ်။

မနေ့က ပျောက်ဆုံးနေတဲ့မိသားစုဝင်တွေအတွက် အမှုဖွင့်ဖို့သွားရောက်ခဲ့တဲ့အထဲမှာ ပါဝင်တဲ့ ဦးသိန်းထွန်းက သူတို့အမှုကို ရဲကပစ်ပယ်ထားတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

"အဲဒီ မတ်လ ၂၃ ရက်နေ့ကလည်း မိသားစုဝင်တွေ အမှုဖွင့်တိုင်တန်းဖို့သွားတဲ့အခါမှာလည်း သူတို့က ဒီကိစ္စကို ဂရုမစိုက် အလေးမထားခဲ့ဘူး။ မနေ့က ထပ်သွားတော့လည်း စကားများကြရတယ်။ စကား များရုံတင်မဟုတ်ဘူး အုပ်ချုပ်ရေးမှူးကို အချုပ်ထဲ ထည့်လိုက်ဆိုပြီးပြောတယ်။ အမှန်ကတော့ ရဲတွေက ဒီလိုမပြောသင့်ဘူးဗျ။"

မြို့မရဲစခန်းတာဝန်ရှိသူတွေက တိုင်တန်းချက်စာရွက်တွေကို ရဲစခန်းမှာပဲ ထားခဲ့ကြလို့ ပြောဆိုခဲ့ ကြတာကြောင့် စခန်းမှာ ထားခဲ့ကြရတယ်လို့ မနေ့က ရဲစခန်းကိုသွားရောက်ခဲ့ကြတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ခင်ပွန်းသည်အတွက် မနေ့က အမှုဖွင့်ဖို့သွားခဲ့တဲ့ မမိုးနှင်းနွယ်ကတော့ ရဲစခန်းက အမှုဖွင့်ပေး၊ မပေးကိစ္စကို တိတိကျကျမသိရသေးဘူးလို့ ပြောပါတယ်။

"၃ လပိုင်း ၂၃ ရက်နေ့က ကျွန်မတို့ သွားတိုင်ခဲ့ကြတယ်။ အဲဒီတိုင်ကြားချက်နဲ့ပတ်သက်လို့ ရဲစခန်းကို လှမ်းမေးကြပါတယ်။ ရဲက တိုင်ကြားချက်မရောက်ဘူးလို့ ငြင်းကြပါတယ်။ ကျွန်မတို့ကလည်း ပထမ တိုင်တန်းချက် မရောက်ဘူးဆိုရင် ထပ်ပြီးတော့ တိုင်ရမယ်ဆိုပြီးတော့ ကျွန်မတို့အချင်းချင်း အစည်းအဝေး လုပ်ကြပါတယ်။ အခုလည်း တိုင်တန်းချက်စာရွက်ကိုသာ ရဲစခန်းကို သွားပေးလိုက်ကြရတာ သူတို့ အမှုဖွင့်ပြီး ဖြေရှင်းပေးမလား၊ မဖြေရှင်းပေးဘူးလားဆိုတာကို ကျွန်မတို့လည်း မပြောတတ်တော့ဘူး။"

တိုင်တန်းတဲ့ရွာသားတွေ အမှုဖွင့်ခွင့်မရဘူးဆိုတာနဲ့ ပတ်သက်လို့ တပ်ရဲ့သဘောထားအတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကၓ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးလို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့

"ဒီဖြစ်စဉ်မှာကတော့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်၊ ကျနော်တို့ လိုချင်တာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်စေချင်တယ်၊ တရားမျှတမှု ရှိစေချင်တယ်။ ဒီလိုမျိုး အရပ်သားတွေကို တရားဥပဒေမဲ့ ဖမ်းဆီးတာကို လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ရှုတ်ချတယ်။ တရားဥပဒေအရ ကျူးလွန်သူ တွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူဖို့ လိုအပ်တယ်။ ဒါတွေ ပျက်ကွယ်မယ်ဆိုရင် လက်ရှိ အစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာက ထောက်ပြဝေဖန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပိုပြီး ဆိုးရွားလာစေနိုင်တဲ့ နိုင်ငံတကာဖိအားတွေ ဖြစ်လာစေမယ်။ အဲ့လိုမဖြစ်စေချင်ရင် ပြည်တွင်းမှာ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကျူးလွန်သူတွေကို အကာအကွယ်မပေးဘဲ အပြစ်ပေးအရေးယူဖို့ လိုတယ်။"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အခုနှစ်အတွင်း တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူအရေအတွက်ဟာ ၂၂ ဦးအထိရှိတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org