မြို့ကြီးတွေမှာ အဓိကရုဏ်းမကူးစက်ဖို့ အာဏာပိုင်တွေ ပြင်ဆင်ထား
မနေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေလိုမျိုး မြန်မာနိုင်ငံရဲ့ တစ်ခြားသောဒေသများမှာ ဖြစ်ပေါ်လာပါက အမြန်ဖြေရှင်းနိုင်ဖို့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စုဖွဲ့ထားပြီးဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက RFA ကိုပြောပါတယ်။
-
2013-03-21 -
-
-
မနေ့က မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေလိုမျိုး မြန်မာနိုင်ငံရဲ့ တစ်ခြားသောဒေသများမှာ ဖြစ်ပေါ်လာပါက အမြန်ဖြေရှင်းနိုင်ဖို့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စုဖွဲ့ထားပြီးဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက RFA ကိုပြောပါတယ်။
"ပုံမှန်ရဲလုပ်ငန်းလုပ်တဲ့အဖွဲ့က သက်သက်၊ ရုန်းရင်းဆန်ခက်ဖြစ်လာခဲ့ရင် ကားတစ်စီးနှိမ်နှင်းတဲ့အဖွဲ့ဆိုတာက အသင့်ဖွဲ့ပြီးသားပါပဲ၊ အဆင်သင့် ရှိနေပြီးသားပါပဲ၊ ရဲတပ်ဖွဲ့မှာက နယ်မြေရဲနဲ့ အဓိကရုဏ်း နှိမ်နှင်းရေးရဲဆိုတာ ရဲတပ်ရင်းနှစ်မျိုးရှိတယ်၊ အင်အားများရင် နှစ်ခုစလုံးပူးပေါင်းတယ်၊ အင်အားများရင်တော့ အထက်အမိန့်အရပဲလုပ်တယ်"
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သတင်းလက်ဦးမှုရယူရေးကို ဦးတည်ဆောင်ရွက်နေတဲ့အပြင်၊ ကောလဟာလ ဖြန့်ဖြူးသူတွေကိုလည်း ချက်ချင်းဖမ်းဆီးအရေးယူဖို့ ပြင်ဆင်ထားတယ်လို့ ဒုရဲမှူးကြီး ဦးထွန်းမင်းက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အတွင်းက တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့များကို ယမန်နေ့ညနေက စတင်ပြီး အဆင်သင့်တပ်လှန့်ထားတဲ့အပြင်၊ ရန်ကုန်မြို့မှာ အဓိကရုဏ်း စတင်ဖြစ်ပွားနိုင်မယ်လို့ ယူဆရတဲ့နေရာတွေမှာ အဓိကရုဏ်း နှိမ်နှင်းရေးတပ်ဖွဲ့တွေကို အသင့်နေရာယူထားစေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
မနေ့က မတ်လ ၂၀ ရက်နေ့ နေ့လယ်က စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့က အဓိကရုဏ်းဖြစ်စဉ်တွေကို ထိန်းသိမ်းဖို့အတွက် အဓိကရုဏ်းနှိမ်နှင်ရေး ရဲတပ်ရင်းနှစ်ရင်းနဲ့ နယ်မြေခံရဲတပ်ဖွဲ့များကို တွဲဖက်တာဝန်ပေးထားပါတယ်။