လွိုင်ကော်မြို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်

လွိုင်ကော်မြို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။

လွိုင်ကော်မြို့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအား ကရင်နီပူးပေါင်းတပ်များမှ သိမ်းပိုက်အပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ Progressive Karenni People Force - PKPF

ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့မှာ သိမ်းပိုက်လိုက်ပြီလို့ ကရင်နီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (Progressive Karenni People Force – PKPF) သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး သိမ်းနိုင်ခဲ့တဲ့ အကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနဲ့ ရဲတွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုကို အသေးစိတ်မသိရသေးဘူးလို့ အမည်မဖော်ပြလိုတဲ့ ကရင်နီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

“ပြည်နယ်ရဲစခန်း သိမ်းနိုင်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သိမ်းနိုင်ခဲ့တာပါ။ အသေးစိတ်တော့ ပြောလို့မရသေးဘူးဗျ။ စစ်ကောင်စီ ပြည်ထဲရေး လက်အောက်မှာရှိတဲ့ ဒီရဲဌာနကို သိမ်းလိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ ထောက်တိုင် တစ်ခုကို ဖြိုလှဲနိုင်ခဲ့တာပါ”

ကရင်နီတော်လှန်ရေးတပ်တွေဟာ ပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ယန္တရားကို အဓိကထား တိုက်ခိုက်နေပြီး အခုလို ပြည်နယ်ရဲစခန်းသိမ်းနိုင်ခဲ့တာ အရေးကြီးတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်) ထဲမှာ စစ်ကောင်စီရဲ့ တရားဥဒေစိုးမိုးမှုတွေဟာ ဆိုးရွားစွာပျက်စီးနေပြီ ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့အနေနဲ့ လူနည်းစုအတွက် အသေခံပေးနေမယ့်အစား ဘက်ကူးပြောင်းကြဖို့လည်း သူက တိုက်တွန်းပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး သိမ်းပိုက်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ဒီနေ့မှာပဲ လွိုင်ကော်မြို့ရဲ့ အဓိကဈေးဖြစ်တဲ့ သီရိမင်္ဂလာဈေး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဈေးတစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီနေ့ လွိုင်ကော်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကယားပြည်နယ် (ကရင်နီပြည်) မှာ နိုဝင်ဘာလ ၁၁ ရက်ကစလို့ တစ်လေးလုံးအမည်နဲ့ စစ်ဆင်ရေးစတင်ခဲ့ပြီး ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်(KNDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်၊ DMO Local PDF၊ မြို့ပြတော်လှန်ရေး တပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲနဲ့ ကရင်နီစစ်ဒေသခွဲ PDF တပ်ရင်းတွေ ပူးပေါင်းပါဝင်ထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org