ယာဉ်စစ်ဆေးစဉ် ခရီးသည်အချို့ အကြမ်းဖက် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဗုံးကွဲမှုနောက်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဧည့်စာရင်း စစ်တာတွေ ယာဉ်သွားယာဉ်လာ စစ်ဆေးတာတွေ ပိုမို များပြားလာနေပြီး အဲဒီစစ်ဆေးမှု တွေအနက် တောင်ဒဂုံမြို့နယ်မှာတော့ လက်နက်ကိုင် စစ်တပ်၊ ရဲနဲ့ မီးသတ်တွေက ဘတ်စ်ကားပေါ်က ခရီးသည်တချို့ကို အာဏာပြပြီး အကြမ်းဖက် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ခရီးသည်နှင့် ကုန်စည်များ အပြည့်အသိပ် တင်ဆောင်လာသော အဝေးပြေးယာဉ်တစင်း ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အဲဒီဖြစ်ရပ်က ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၂ လမ်းမကြီးပေါ်က ကျောက်လမ်းဂိတ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီမှာ ဒိုင်နာအမျိုးအစား ဘတ်စ်ကားမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို စစ်ဆေးတဲ့အခါမှာ ခရီးသည်တဦးက ရှာဖွေရေး လုပ်တဲ့ မီးသတ်ဝန်ထမ်းကို စောဒကတက်လို့ အကြမ်းဖက် အဖမ်းခံရတဲ့ အပြင် အဲဒီလုပ်ရပ်ကို ဝင်ပြောမိတဲ့ ခရီးသည်တဦးကိုလည်း ဖမ်းထားလိုက်တယ်လို့ မျက်မြင်တဦးက ပြောပါတယ်။

“စစ်သားတွေ၊ ရဲတွေ၊ မီးသတ်တွေပေါ့နော်၊ သူတို့က ဝီစီတွေ မှုတ်ပြီးတော့ ကားကို ရပ်ခိုင်းတယ်ဗျ။ ရပ်ခိုင်းပြီးတော့ အဲဒီမှာ မီးသတ်ဝတ်စုံ ဝတ်ထားတဲ့ လူငယ်တယောက်က ကားပေါ်ကို တက်ပြီးတော့ ပစ္စည်းတွေကို ရှာတယ်။ အဲဒီအခါမှာ ခရီးသည်တဦးက မင်းက ဘာလဲ ဘာအဆင့်လဲလို့ အဲလို မေးလိုက်တာ။ အဲဒါ သူ့ကို မေးရပါ့မလားဆိုပြီးတော့ ခရီးသည်ကို ထိုးမယ်၊ ကြိတ်မယ် လုပ်တယ်။ ခရီးသည်ကလည်း မင်း အိတ်ဖွင့်ခိုင်းတာ ငါဖွင့်ပေးနေတာပဲ၊ မင်းရှာပေါ့၊ မင်းအဲဒါ ဘာဖြစ်နေတာလဲ ဆိုတော့ အောက်က စစ်သားက ဟေ့ကောင် ဘာဖြစ်နေတာလဲ ဆွဲချစမ်းကွာ ဆိုပြီးတော့ အဲဒီ ခရီးသည်ကို အောက်ကို ဆွဲချတယ်ဗျာ။”

“အဲဒီမှာ ကျွန်တော်တို့ နောက်ကနေပြီးတော့ လိုက်လာတဲ့ ခရီးသည်တဦးက ခင်ဗျားတို့ ခရီးသည်တွေကို ပြေပြေလည်လည် ဆက်ဆံနော်၊ ခင်ဗျားတို့ ခရီးသည်တွေကို အကြမ်းမဖက်ပါနဲ့လို့ ပြောတယ်။ မင်းကကော ဘာကောင်လဲ ဆိုပြီးတော့ အဲဒီလူကိုပါ စစ်သားတယောက်က လက်ထိပ်ခတ်ကွာတဲ့။ နှစ်ယောက်လုံး လက်ထိပ်ခတ်လိုက်တယ်၊ ခတ်ပြီးတော့ ဆွဲချတယ်။”

ဗုံးကွဲတဲ့ သတင်းကိုတော့ ဒီကနေ့ထုတ် စစ်အစိုးရသတင်းစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ တရားခံ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်နေဆဲပဲလို့ ဆိုပါတယ်။

ဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အင်းစိန်ဆေးရုံမှာ တင်ထားပြီး အဓိက ဗုံးထိသူတဦးက လွဲလို့ တခြား ဒဏ်ရာရထားတဲ့သူတွေအတွက် စိုးရိမ်စရာ မရှိဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီဗုံးကွဲမှုမှာ ဒဏ်ရာရသူ စုစုပေါင်း ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org