အိုင်အယ်လ်အိုနှင့် အစိုးရထုတ်ဝေသော ပညာပေးစာရွက်ဖြန့်သူ ရဲကတားဆီး

ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ မြန်မာစစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနတို့ သဘောတူညီ ထုတ်ဝေထားတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး အသိပညာပေး စာရွက်တွေ ပုသိမ်မြို့မှာ မတ်လ ၈ ရက် မနေ့က လိုက်လံဝေငှတာကို ဒေသခံ ရဲအရာရှိတွေက ဖမ်းဆီးစစ်ဆေးပြီး နောက်နောင် မဝေငှရဘူးလို့ တားမြစ်လိုက်ကြောင်း သိရှိရပါတယ်။

စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့်် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers) Photo: Courtesy of Free Burma Rangers)

ပုသိမ်မြို့ ကန်ကြီးထောင့်ရပ်ကွက်မှာ နေထိုင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းလွင်က ဒေသခံ ပြည်သူတွေ သိရှိနိုင်အောင် လိုက်လံဝေငှခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမား၊ လယ်သမားအရေး ကူညီနေတဲ့ ဒေါ်ခင်ဝင်းကြည်က RFA ကို အခုလို ပြောပါတယ်။

“ဦးထွန်းလွင် ပုသိမ် ကန်ကြီးထောင့် မြို့နယ်ကနေပြီးတော့မှ စာရွက်တွေ ဝေပါတယ်။ လူ့အခွင့်အရေး စာအုပ်ရယ်၊ ILO က စာစောင်ရယ်ကို ဈေးတို့၊ လှေဆိပ်တို့ လက်ဖက်ရည်ဆိုင်တို့ကို ၉ နာရီမှာ ဝေတာပေါ့နော်။ မနက် ၉ နာရီမှာ။ အဲဒီမှာပဲ နယ်ထိန်း ဘိုဘိုထွန်း၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကနေပြီးတော့ ၉ နာရီ ၄၅ မိနစ်မှာ၊ ဝေနေတုန်းမှာ ဖမ်းပြီး ခေါ်သွားတယ်ပေါ့နော်။ တနာရီလောက် စစ်မေးပြီးတော့ လက်ထဲက စာရွက်စာတမ်းတွေကို သိမ်းသွားတယ်၊ မဝေနဲ့၊ အထက်က အမိန့်ရမှ ဝေ ဆိုပြီးတော့ ခေါ်သွားတယ်။”

ဦးထွန်းလွင်ကို အခုလို တားမြစ်ပိတ်ပင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ILO ရုံးကိုလည်း ဒီကနေ့ သွားရောက် အကြောင်းကြားလိုက်တယ်လို့ သိရပါတယ်။

ပုသိမ် ရဲဝန်ထမ်းတွေရဲ့ အခုလုပ်ရပ်ဟာ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်ချက်ကို ဟန့်တား နှောင့်ယှက်ရာ ရောက်တယ်လို့ NLD ဦးသက်ဝေက ပြောပါတယ်။

“ကျွန်တော်တို့ အမြင်နဲ့ ပြောရင်တော့ဗျာ၊ ဒါက အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ရုံးတို့ ကြားမှာ တကယ် တရားဝင် ဒါ အတည်ပြုပြီးတော့ ခွင့်ပြုချက်နဲ့ပေါ့ဗျာ၊ အများပြည်သူ သိရှိအောင် ဖြန့်ဝေဖို့ လုပ်ထားတဲ့ တရားဝင် စာရွက်စာတမ်းပေါ့ဗျာ။ အဲဒါကို ဖြန့်ဝေတာကိုပေါ့ဗျာ၊ ဖမ်းဆီးတယ်၊ သိမ်းဆည်းလိုက်တယ် ဆိုတာကတော့ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဖူးဗျ။ အဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်ရေး ကိစ္စကိုပေါ့ဗျာ ဒါ ဟန့်တား နှောင့်ယှက်ရာ ရောက်တာပေါ့။”

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး၊ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးတွေအတွက် ILO က ဝင်ရောက် ဆောင်ရွက်နေရာမှာ ကမ္ဘာ့ ကုလသမဂ္ဂက ပြဌာန်းချက်တွေကို ပြည်သူအားလုံး သိအောင် လက်ကမ်းစာစောင်တွေ ထုတ်ဝေထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org