စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်သား ဖမ်းဆီးခံရ

စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူထုဘက်ကနေ ရပ်တည်သွားမယ်လို့ တနင်္သာရီတိုင်း မြိတ်မြို့မှာ ဟောပြောခဲ့တဲ့ ရဲတပ်သားတစ်ဦး ဒီကနေ့ညပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူထုဘက်ကနေ ရပ်တည်သွားမယ်လို့ ဟောပြောခဲ့တဲ့ ရဲတပ်သား။ Photo: Citizen Journalist

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူထုဘက်ကနေ ရပ်တည်သွားမယ်လို့ တနင်္သာရီတိုင်း မြိတ်မြို့မှာ ဟောပြောခဲ့တဲ့ ရဲတပ်သားတစ်ဦး ဒီကနေ့ညပိုင်းမှာ ဖမ်းဆီး ခံလိုက်ရပါတယ်။

ဒီဖမ်းဆီးခံလိုက်ရတဲ့ ရဲတပ်သားကို မိသားစုနဲ့ပေးတွေ့ဖို့ ဒီကနေ့ညပိုင်းမှာ မြိတ်မြို့ရဲစခန်းရှေ့မှာ ဆန္ဒပြသူတွေ စုရုံးပြီး တောင်းဆိုခဲ့ကြတာပါ။

ရဲစခန်းတဝိုက် ဆန္ဒပြတဲ့သူတွေ များများလာတာကြောင့် နောက်ဆုံးမှာ ရဲတပ်သားရဲ့ ဇနီးဖြစ်သူနဲ့ တာဝန်ရှိသူတချို့ကို တွေ့ဆုံခွင့်ပေးဖို့ သဘောတူခဲ့တယ်လို့ မြိတ်မြို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။

ဒီရဲတပ်သားကို ဘယ်လိုအရေးယူထားလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖမ်းဆီးခံရတဲ့ ရဲတပ်သားဟာစစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို လုံခြုံရေး ယူထားရင်းက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး စင်ပေါ်တက် စကားပြောခဲ့တာပါ။

ဒီလို တက်ရောက်ဟောပြောခဲ့ပြီး နာရီဝက်အကြာမှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီနေ့မြိတ်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကို ပြည်သူသိန်းနဲ့ချီပါဝင်ခဲ့ပြီး ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မြေစာရင်းဝန်ထမ်းတွေ စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org