နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော

လာမယ့် ဇန်နဝါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ နောက်ထပ် အကျဉ်းသား တွေ လွှတ်ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်မှာဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။

၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်၊ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးတို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်။ မီးရထားဝန်ကြီး ဦးအောင်မင်း (ဝဲ ရှေ့တန်း- တတိယ)

မနေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက အဲဒါကို သတင်းကောင်းအနေနဲ့ ပါးခဲ့တယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေး ကော်မီတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောဒေးဗစ်ထောက ပြောပါတယ်။

ဒါ့အပြင် မကြာသေးခင်က တရုတ်နိုင်ငံ ခွေမင်မြို့ကနေ ရန်ကုန်ကို ပို့ဆောင်ခံခဲ့ရပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရတဲ့ ကေအင်ယူ ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင် အပါအဝင် တခြား ကေအင်ယူ အဖွဲ့ဝင်တွေကို လွှတ်ပေးမယ်လို့ အာမမခံနိုင်ပေမယ့် နိုင်ငံတော် သမ္မတဆီမှာ တင်ပြပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောသွားတယ်လို့ ဆိုပါတယ်။

အစိုးရသစ် အာဏာလွှဲပြောင်းယူစဉ် လက်ခံရရှိတဲ့ အကျဉ်းသား စာရင်းတွေမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မပါကြောင်း၊ ပြစ်မှုတစ်ခုခုကို ကျူးလွန်လို့ အရေးယူထားသူတွေသာ ရှိကြောင်း ဝန်ကြီးဦးအောင်မင်းက ရှင်းပြသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးဟာ လာမယ့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလ လွှတ်မယ့် အသုတ်တွေထဲမှာ ပါနိုင်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org