ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ဦးရဲအောင် (ခ) ကိုချင်းဟာ လေဖြတ်ရောဂါနဲ့ ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ကို တွေ့ရစဉ်။ Dawei Watch Photo

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အသက် ၆၂ နှစ်အရွယ် ဦးရဲအောင် (ခ) ကိုချင်းဟာ လေဖြတ်ရောဂါနဲ့ ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ရဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၂၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

သူဟာ အကြမ်းဖျက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည၊ ၅၂-က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသူဖြစ်ပြီး ကျန်းမာရေးဆိုးရွားလာလို့ စက်တင်ဘာလ ၂၇ ရက်နေ့က ထားဝယ်ထောင်ကနေ ထားဝယ်ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသနေစဉ် အောက်တိုဘာလ ၁၇ ရက်ကနေ့မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထားဝယ်ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရတာခဲ့ကြောင့် သေဆုံးရတာလို့ DDMSCက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အခုက ထားဝယ်အကျဉ်းထောင်ထဲမှာ ဆရာဝန် တစ်ယောက်မှ မရှိဘူး။ အရင်ကတော့ ဆရာဝန် နှစ်ယောက်နဲ့ ဆေးမှူး တစ်ယောက်ရှိခဲ့တယ်၊ တစ်ယောက်က သေသွားပြီ။ ကျန် နှစ်ယောက်ကလည်း CDM လုပ်သွားတယ်။ ထားဝယ်ပြည်သူ့ဆေးရုံက ဆရာဝန်နဲ့ အကူ နှစ်ယောက်လောက်ကပဲ ထောင်ထဲကို တစ်နေ့ နှစ်နာရီလောက် လာကြည့်ပေးတယ်။ ထောင်ထဲမှာ အကျဉ်းသား တစ်ထောင်ကျော်လောက် ရှိတဲ့နေရာမှာ အချိန် နှစ်နာရီလောက်ပဲ ကုခွင့်ပေးတယ်။ ပြီးတော့ ဆေးဝါးလည်း လုံလုံလောက်လောက် မပေးဘူး”

ဦးရဲအောင်ဟာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းရွာက ဖြစ်ပါတယ်။ ထားဝယ်ထောင်ထဲမှာ အကျဉ်းသားပေါင်း တစ်ထောင်ကျော်ရှိတဲ့အနက် နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား၊ အချုပ်သား ငါးရာနီးပါး ပါဝင်တယ်လို့ DDMSC ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း သာယာ၀တီထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဌေးအောင်ကျော်ဟာ အချိန်မီ ဆေးကုသခွင့်မရဘဲ ကွယ်လွန်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ကတော့ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကို ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org