နိုင်ငံရေး အကျဉ်းသားလွှတ်ရေး ဂျပန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး အတွက် ကောက်ခံ ရရှိထားတဲ့ လက်မှတ်ပေါင်း ၃ သောင်းကျော်ကို အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (ဂျပန်ဌာနခွဲ) က ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးကို ဒီကနေ့ ပေးပို့ တောင်းဆိုလိုက်ပါတယ်။
-
2011-11-11 -
-
-
အခု နောက်ဆုံး အောက်တိုဘာ ၁၂ ရက်က နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာဟာ မြန်မာ လူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာ ပို့ခဲ့ပြီးနောက် ပြန်လွတ်လာကြတာပါ။
အခု တစ်ခါလည်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ မြန်မာ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရထံ မြန်မာ သံရုံးကတစ်ဆင့် စာပို့ရတာပါလို့ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ A.I (ဂျပန်ဌာနခွဲ) ဥက္ကဋ္ဌ Mr. Wakabayashi Hideki က အာရ်အက်ဖ်အေကို ပြောပါတယ်။
တိုကျို မြန်မာသံရုံးက လူကိုယ်တိုင် ထွက်ပြီး လက်ခံယူတာမျိုး မရှိတဲ့ အတွက် စာတိုက်က တစ်ဆင့်ပဲ ပေးပို့ခဲ့ရကြောင်းလည်း သူက ပြောပါတယ်။
ဂျပန် A.I ဌာနခွဲက မြန်မာသံရုံးကို စာပို့တာနဲ့ တစ်ချိန်တည်းမှာပဲ ဂျပန်နိုင်ငံမှာ ရှိတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၀၀ နီးပါး ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။