သုံးလအတွင်း ထောင်တွင်းနဲ့ ပြင်ပမှာ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးရှိကြောင်း PPNM ပြော

၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း အကျဉ်းထောင်တွေနဲ့ ထောင်ပြင်ပတွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။ RFA

၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း အကျဉ်းထောင်တွေနဲ့ ထောင်ပြင်ပတွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ဆန်းနဲ့ အခုနှစ်ဆန်းယှဉ်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရတာ များလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"ဒီနှစ်ထဲမှာ ခြောက်ဦးထိရှိလာပြီ၊ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ ဧပြီလထိ တစ်ယောက်ပဲ ဆုံးခဲ့တာပေါ့နော်၊ ဒီနှစ်က သုံးလအတွင်းမှာတင် ငါးယောက်ထိ တိုးလာတယ်၊ ဒီတစ်ခေါက်ဖြစ်တဲ့ ဖြစ်စဉ်မှာလည်း အပြင်မှာရှိတဲ့ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အပြင်ကို ခေါ်ထုတ်ခံရတာ၊ ထားဝယ်ထောင်ကပေါ့နော်၊ သေဆုံးမှုတွေကို ကြည့်တဲ့အခါမှာလည်း နိုင်ငံရေးအကျဉ်းသားတွေက အများဆုံးဖြစ်နေတယ်၊ ဒီနှစ်ထဲမှာဆိုရင် သေဆုံးမှုအားလုံး ရသမျှ စာရင်းအရဆိုရင် နိုင်ငံရေးအကျဉ်းသား ပိုများလာတယ်၊ အဓိက ဘာကိုမြင်ရလဲဆိုတော့ ၂၀၂၃ မှာ စစ်ရေးအလှည့်အပြောင်းတွေ ဖြစ်ခဲ့တယ်၊ စစ်ရေးအလှည့်အပြောင်းတွေဖြစ်တိုင်း စစ်ပွဲတွေရှုံးတိုင်း နိုင်ငံရေးအကျဉ်းသားတွေ သတ်ဖြတ်ခံရမှု ပိုများလာတာ တိုက်ရိုက် အချိုးကျနေတယ်၊ ရှေ့တန်းစစ်မြေပြင်မှာ မချိမလှသေဆုံးမှုတွေဖြစ်လေ အကျဉ်းထောင်တွေမှာ လက်နက်မဲ့ သူတို့ရန်သူလို့သတ်ဖြတ်ပြီး မတရားဖမ်းဆီးပြီး ထောင်ကျထားတဲ့သူတွေကို ရန်သူသဖွယ် ပြန်ပြီး ကလဲ့စားချေမှုတွေလို့ပဲ မြင်ပါတယ်"

PPNM စာရင်းအရ ထားဝယ်အကျဉ်းထောင်က နှစ်ဦး၊ မြင်းခြံထောင်က တစ်ဦး၊ ပဲခူးနဲ့ စစ်ကိုင်းတို့က သုံးဦး ပါဝင်ပါတယ်။

မတ်လ ၁၇ ရက်နေ့ညမှာ ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုမင်းသူနဲ့ ကိုဝင်းသီဟတို့ကို ထောင်ကနေ စစ်ကားနှစ်စီးနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့သလို တစ်နေ့တည်းမှာပဲ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်းထွန်းဟာ ထောင်အတွင်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ PPNM က ဆိုပါတယ်။

မတ်လ ၂၉ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း မုံရွာမြို့တော်ခန်းမက စစ်ကြောရေးစခန်းမှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်ဟာ စစ်ကောင်စီတပ်သားတွေ ရိုက်နှက်တာကြောင့် သေဆုံးခဲ့ရပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ် တရားရုံးက အပြန်မှာ နိုင်ငံရေးအကျဉ်းသား မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့ အသတ်ခံခဲ့ရတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်း၊ ထောင်ပြမှာ သတ်ဖြတ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

PPNM စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၃၀)ရက်နေ့အထိ အကျဉ်းထောင်အတွင်းနဲ့ ထောင်ပြင်ပတို့မှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားစုစု‌ပေါင်း (၁၈)ဦး ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org