နိုင်ငံရေး အကျဉ်းသားဟောင်း ဦးခင်မောင်မြင့် အမှတ်ရပွဲများ ကျင်းပ
နဝတအစိုးရလက်ထက်က ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေပေါ်ပါတီအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းခံခဲ့ရတဲ့ ပြည်သူ့တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးခင်မောင်မြင့် အင်းစိန်အကျဉ်းထောင် ထဲမှာ ကျဆုံးခဲ့တဲ့ အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ထားဝယ်ရပ်ကွက်က နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသက်တင်ရဲ့ နေအိမ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2013-02-16 -
-
-
ဦးခင်မောင်မြင့်ဟာ ဂျပန်တော်လှန်ရေးမှာ သခင်စိုး၊ ဗိုလ်ချုပ်နေဝင်းတို့ရဲ့ စစ်တိုင်းမှာ ဆက်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပျက်မှာ အဖမ်းခံရပြီး ၁၉၆၉မှာ ကိုကိုးကျွန်းကို အပို့ခံရပါတယ်။
ဒီ့နောက် ၁၉၇၈ ခုနှစ် ၊ ၁၉၈၃ ခုနှစ်တို့နဲ့ ၁၉၈၉ ခုနှစ် နဝတအစိုးရ လက်ထက်မှာ ၃ ခါ ထပ်ပြီး အဖမ်းခံရပါတယ်။ ၁၉၈၉ ခုမှာ စစ်ခုံရုံးက ထောင်ဒဏ်နှစ်(၂၀)ချခံခဲ့ရာ ၁၉၉၃ ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ဦးခင်မောင်မြင့် အပါအဝင် အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားကြသူတွေကို ဂါရဝပြုခဲ့ကြပြီး မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ(မန္တလေး)၊ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)တို့ရဲ့ သဝဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။ ဒီပွဲကို ပါတီဟောင်းအဖွဲ့ဝင်တွေနဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် (၁၀၀) ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
အလားတူ အခမ်းအနားတရပ်ကို ရန်ကုန်မြို့မှာလဲ ကျင်းပခဲ့ကြပြီး သတင်းစာဆရာကြီး NLD ဦးဝင်းတင်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်.