အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြသူများ ထောင်ဝင်စာအပိတ်ခံရ

ရန်ကုန် အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၄ ဦးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဖြေရှင်းပေးပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် အခြေအနေ တိုးတက်လာအောင် ဖြေရှင်းမပေးသေး ဘူးလို့ ယူဆရကြောင်း အကျဉ်းသား မိသားစုတွေက ပြောပါတယ်။

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP) PHOTO: AFP

တိုက်ပိတ်ခံရသူတွေကို အဆောင်တွေကို ပြန်ပို့လိုက်ပြီလို့ ပြောဆိုနေပေမယ့် အဲ့ဒီအကျဉ်းသားတွေကို မေလ ၂၈ ရက်နေ့ကပြီး ထောင်ဝင်စာ ပိတ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်အဖွဲ့က ကိုအောင်ဇော်ထွန်းက အခုလို ပြောပါတယ်။

“၂၈ ရက်နေ့မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ထောင်ဝင်စာ ပိတ်လိုက်တယ်၊ တိုက်ပိတ်ထားတယ်လို့ ကြားရတယ်။ အထဲကနေ တဆင့် ကြားရတဲ့ သတင်းတွေအရ ဆိုရင် (၅) ဆောင် တိုက်မှာ ရှိတယ်လို့ ပြောတယ်။ (၅) ဆောင်ရဲ့ ဘေးနားမှာ တိုက် (၁)၊ တိုက် (၂) ဆိုပြီး သီးသန့်တိုက်တွေ ရှိတယ်။ အဲဒီထဲမှာ ထည့်ပိတ်ထားတယ်လို့ ကြားရတယ်။ ဘယ်လောက်ကြာကြာ ပိတ်ထားမလဲ ဘာညာတော့ ကျနော်တို့ တိတိကျကျ မသိရဘူး။

မေလ ၂၂ ရက်နေ့က အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာ ပြည့်ပြည့်ဝဝ ရရှိဖို့၊ ဗလာစာအုပ် ခဲတံ ကိုင်ဆောင်ထားရှိခွင့်နဲ့ စာရေးသားခွင့် ရရှိဖို့၊ လူ့ ဂုဏ်သိက္ခာနဲ့ ကိုက်ညီတဲ့ ထောင်ဝတ်စုံကို ၆ လ တကြိမ် လဲပေးဖို့၊ ထောင်ဝင်စာ တွေ့ဆုံရာမှာ နိုင်ငံခြားသား အကျဉ်းသားတွေနည်းတူ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ရဖို့ အပါအဝင် အချက် ၆ ချက်ကို တောင်းဆို ဆန္ဒပြခဲ့တာပါ။

ထောင်အာဏာပိုင်တွေက ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား တချို့ကို ထောင်တွင်း အပြစ်ပေးရာမှာ ပို့လေ့ရှိတဲ့ စစ်ခွေးတိုက်ထဲကို မေလ ၂၄ ရက်နေ့က ပို့ခဲ့ပါတယ်။ မေလ ၂၆ ရက်နေ့မှာတော့ စစ်ခွေးတိုက်ကို ပို့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပုံမှန်အဆောင်တွေထဲ ပြန်ပို့ပေးခဲ့ပြီး အခြေအနေ တင်းမာမှု မရှိတော့ဘူးလို့ ကြားသိရပါတယ်။

ဒီနောက်မှာတော့ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားအားလုံး တိုက်ပိတ်ခံရပြီး ထောင်ဝင်စာ တွေ့ခွင့်မရတဲ့အကြေင်း ကိုအောင်ဇော်ထွန်းက ဆက်ပြောပြပါတယ်။

“၂၇ ရက်နေ့ ကျတော့ နေပြည်တော် အထူး စုံစမ်းစစ်ဆေးရေးဌာနက ကားတွေနဲ့ ဝင်လာပြီး ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဆွေးနွေးတယ်။ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက စုစုပေါင်း ၆ ချက် တောင်းတယ်။ အဲဒီမှာ နေပြည်တော်ဘက်က ဆင်းလာတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ၆ ချက်မှာ ၅ ချက်ပဲ လိုက်လျောတယ်။ အဓိက ကျတဲ့ အချက်တချက်ကို မလိုက်လျောတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေက ထပ်ပြီး ဆန္ဒပြတယ်။ ‘သိန်းစိန်အစိုးရ အလိုမရှိ၊ အကျဉ်းဦးစီးရဲ့ ရက်စက်မှုတွေ ရပ်ဆိုင်းပစ်’ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်တယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီအတွက် မနေ့ကတော့ သူတို့ကို တိုက်ပိတ်လိုက်ပြီလို့ ကြားလိုက်ရတယ်။ ဒါ နောက်ဆုံး ကျနော်တို့ သိထားရတဲ့ အခြေအနေပါ”

အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂ဝ ကျော် ဆန္ဒပြခဲ့တာ ဒီကနေ့ဆိုရင် ၈ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အလားတူ အကျဉ်းသား အခွင့်အရေးအတွက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာလည်း ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦး ဆန္ဒပြနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org