နှစ်ဆန်းတစ်ရက်နေ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရန်ကုန်အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေထဲက အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။

နှစ်သစ်ကူးအခါသမယမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်သူလူထု နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေရေးကို ဦးတည်ပြီး အခြေခံဥပဒေပါ ပုဒ်မ ၂ဝ၄ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုတာဖြစ်တယ်လို့ ဆိုပါတယ်။ လွှတ်ပေးမယ့် အကျဉ်းသား ၈၃ ဦးရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ထားတာမတွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်လာနိုင်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ကျနော်တို့ရထားတဲ့သတင်းက လက်ကျန်နိုင်ငံရေးသမားတွေကို လွှတ်ပေးရေးအတွက် ဒေါ်အောင်ဆန်း စုကြည်က မျက်လုံးခွဲထားပေမယ့်လို့ အဲ့ဒီကိစ္စအတွက် အထူးအစည်းအဝေးထိုင်တယ်လို့ ကျနော်တို့ ကြားသိထားရတဲ့သတင်းစကား မှန်မယ်လို့ပဲ ယုံကြည်ထားပါတယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့်စာ ကြေညာချက်အမှတ် ၁ တို့ ၂ တို့မှာလည်း မြန်မာနှစ်သစ်ကူးအခါသမယလို့ ပြောထားတဲ့အတွက် လွှတ်မယ်လို့ဆိုတဲ့ သတင်းစကားဖြစ်ပေါ်မှုဟာ အမှန်တရားလို့ပဲယုံကြည်ပါတယ်၊ ကျနော်တော့ ယုံကြည်တယ်၊ နော်အုန်းလှတို့ နေမျိုးဇင်တို့ လွတ်မယ်ဆိုတာ"

လွှတ်ပေးမယ့်သူတွေထဲမှာ နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ချခံထားရတဲ့ ယူနတီဂျာနယ်က ၅ ဦးလည်း ပါဝင်ပြီး၊ သူတို့ကို လွှတ်ပေးမယ့်အကြောင်း ထောင်အာဏာပိုင်က အကြောင်းကြားလာတယ်လို့  သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ မလွင်လွင်မြင့်က ပြောပါတယ်။

နိင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ နိင်ငံတဝှမ်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော်ရှိကြောင်း သိရပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org