ပုဏ္ဏားကျွန်းမှာ မိုင်းနင်းမိလို့ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ
2020.10.09
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ ဒီနေ့နေ့လယ်က တောထဲကို ရခိုင်လို ဖျံဥလို့ ခေါ်တဲ့ ဝဥသွားတူးတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရ သွားပါတယ်။
သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် မဆန်းဆန်းအေးဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၂၅ နှစ်အရွယ် မထွီးနဲ့ အသက် ၂၂ အရွယ် လပြည့်မ တို့ဖြစ်ပါတယ်။
အဲ့ဒီအမျိုးသမီးသုံးဦးဟာ ရွာက ယောက်ျားလေးနှစ်ဦးနဲ့အတူ ရွာရဲ့အနောက်ဘက် တစ်မိုင်လောက် အကွာမှာ ရှိတဲ့တောထဲကို ဖျံဥတူးဖို့သွားရာမှာ မိုင်းနင်းမိခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
မိုင်းနင်းမိစဉ်မှာ အသက်ရှိသေးပေမယ့် ရွာကိုသယ်ယူလာရာမှာ လမ်းခုလတ်မှာ ဆုံးသွားတာပါ။ ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
မိုင်းနင်းမိတဲ့နေရာဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဖြစ်ပြီး ဘာမိုင်းအမျိုးအစားလဲ၊ ဘယ်အဖွဲ့ရဲ့ မိုင်းလဲဆိုတာကိုတော့ မသိနိုင်ဘူးလို့ ရွာသားတွေကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဗန်းဗွီးကျေးရွာဟာ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာ တစ်ခုဖြစ်ပြီး ရွာသားတွေဟာ တောတောင်ကို အမှီပြုပြီး ရပ်တည်ကြရတာဖြစ်ပါတယ်။