ရိုဟင်ဂျာအရေး ပုပ်ရဟန်းမင်းကြီး အလေးထားဆွေးနွေးဖွယ် မရှိဟု ပြောကြား
မြန်မာနိုင်ငံကို ရှေ့သီတင်းပတ် လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အရေးကိစ္စကို ဦးစားပေးဆွေးနွေးမှာ မဟုတ်ဘူးလို့ ခရီးစဉ်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
-
2017-11-20 -
-
-
မြန်မာနိုင်ငံကို ရှေ့သီတင်းပတ် လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အရေးကိစ္စကို ဦးစားပေးဆွေးနွေးမှာ မဟုတ်ဘူးလို့ ခရီးစဉ်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရှေ့သီတင်းပတ် နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပထမဆုံး အကြိမ် လာရောက်လည်ပတ်မှာဖြစ်ပြီး၊ ၂၈ ရက်နေ့မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ မျှော်လင့်ပြောဆိုနေသလို ရိုဟင်ဂျာကိစ္စကို ဦးစားပေးဆွေးနွေးဖွယ်မရှိဘူးလို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ ပြောခွင့်ရပုဂ္ဂိုလ် Fr. Mariano Soe Naing ပြောပါတယ်။
"ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူ့မှာရည်ရွယ်ချက်ကြီးကြီးတော့ မရှိဘူးပေါ့၊ ရခိုင်ကိစ္စသည် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို လွှမ်းမိုးမသွားဘူးလို့ ကျနော့်အနေနဲ့ မျှော်လင့်တာပေါ့နော်"
ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာအမည်ကို သုံးနှုန်းပြောဆိုခြင်းမပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကတ်သလစ်ဂိုဏ်ချုပ်ဆရာတော် ကာဒီနယ် ချားလ်းဘိုက အကြံပြုလျှောက်ထား ကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်နေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စွပ်စွဲပြောဆိုနေကြပေမယ့်၊ အဲဒီပြောဆိုချက်တွေ မဟုတ်မှန်ကြောင်း ပုပ်ရဟန်းမင်းကြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ ပြောခွင့်ရပုဂ္ဂိုလ် Fr. Soe Naing က ပြောပါတယ်