ချင်းမိုင် အပစ်ရပ်အဖွဲ့အစည်းအဝေးကို မြန်မာစစ်သံမှူး ပိတ်ပင်ခိုင်း
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ PPST အလုပ်အဖွဲ့အစည်းအဝေးကို တပ်မတော်ဘက်က ကန့်ကွက်တာကြောင့် ကျင်းပခွင့်မရခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
-
2019-06-09 -
-
-
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST အလုပ်အဖွဲ့အစည်းအဝေးကို တပ်မတော်ဘက်က ကန့်ကွက်တာကြောင့် ကျင်းပခွင့်မရခဲ့ကြောင်း NCA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်က PPST အလုပ်အဖွဲ့အစည်းအဝေးကို မကျင်းပဖို့ ထိုင်းအစိုးရအဖွဲ့ကို စာရေးသားပေးပို့တောင်းဆိုခဲ့တာကြောင့် ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက RFA ကို ပြောပါတယ်။
PPST အလုပ်အဖွဲ့အစည်းအဝေးမှာ NCA လက်မှတ်မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်နေတာကြောင့် အစိုးရနဲ့ တပ်မတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အတွက် တားဆီးပိတ်ပင်ပေးဖို့ တပ်မတော်က တောင်းဆိုထားတာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောတယ်လို့ သိရပါတယ်။
ပဒိုစောတာဒိုမူးကတော့ အဲဒီအစည်းအဝေးမှာ KIA နဲ့ KNPP အဖွဲ့တွေပါဝင်ခြင်းမရှိကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ခရီးပေါက်ဖို့အတွက်ဆိုရင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနိုင်အောင် အစိုးရနဲ့ တပ်မတော်အနေနဲ့ နေရာစီစဉ်ပေးသင့်ကြောင်း ပြောပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ PPST အလုပ်အဖွဲ့အစည်းအဝေး ကျင်းပတာကို တားဆီးပေးဖို့ ထိုင်းအစိုးရကို တပ်မတော်က တောင်းဆိုခဲ့တာ မရှိကြောင်း RFA ကို ပြောပါတယ်။
PPST အလုပ်အဖွဲ့အစည်းအဝေးကို ဇွန်လ ရှစ်ရက်နေ့နဲ့ ကိုးရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ပိတ်ပင်ခံရတာကြောင့် အစည်းအဝေးကို မကြာခင် ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
အခုကျင်းပမယ့် အစည်းအဝေးမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြမလဲဆိုတာတွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ပဒိုစောတာဒိုမူးက ပြောပါတယ်။