PPST အဖွဲ့ ယာယီခေါင်းဆောင်နေရာမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ တာဝန်ယူ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုး ထားပြီး အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီခေါင်းဆောင်နေရာမှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က အနားယူ သွားခဲ့ပြီဖြစ်လို့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း က တာဝန်ယူသွားမှာဖြစ်တယ်လို့ PPST အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

PPST ယာယီအဖွဲ့ ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း။ Photo: Citizen Journalist

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားပြီး အပစ်ရပ်တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီခေါင်းဆောင် နေရာမှာ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က အနားယူသွားခဲ့ပြီဖြစ်လို့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း က တာဝန်ယူသွားမှာဖြစ်တယ်လို့ PPST အဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။

သူ့နေရာမှာ အဖွဲ့ဝင်အဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ RCSS က ဗိုလ်မှူးကြီးစိုင်းငင်းတို့ ပါဝင်တာကို တွေ့ ရပါတယ်။

ပြီးခဲ့တဲ့အစည်းဝေးတွေမှာကတည်းက ဗိုလ်ချုပ်ကြီးယွက်စစ်က PPST ယာယီအဖွဲ့ ခေါင်းဆောင်နေရာကနေ အနားယူဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး နှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ အခုလို အနားယူခွင့်ပြုတာကို ကျေးဇူးတင်ကြောင်း RCSS အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေ့ ပြောကြား တဲ့ PPSTအစည်းအဝေး အပိတ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတွက် PPSTအဖွဲ့ တွေအနေနဲ့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့လည်းဆိုပါတယ်။

PPST အစည်းဝေးကို ဇူလိုင် ၁ ရက်နေ့နဲ့ နှစ်ရက်နေ့တွေမှာ နှစ်ရက်တာကျင်းပခဲ့ပြီး ထုတ်ပြန်ချက်ထုတ်နိုင် တာ မရှိခဲ့ပါဘူး။ ဇူလိုင် ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ အစည်းအဝေး ထပ်မံခေါ်ယူခဲ့ပြီး အခုလိုခေါင်းဆောင် ပြောင်းလဲမှုအတွက် ထုတ်ပြန်ချက်ထွက်လာတာပါ။

ဒီကနေ့ ထုတ်ပြန်တဲ့အချက် ၇ ချက်ထဲမှာ PPST ခေါင်းဆောင်ပြောင်းလဲကြောင်း ကိုဗစ်ရောဂါကို ပူးပေါင်း ကာကွယ်တိုက်ဖျက်ရေး၊ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေမှာ ပါဝင်တဲ့လက်နက်ကိုင်အဖွဲ့ အချင်းချင်း ညှိနှိုင်းဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း၊ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ဇူလိုင် ၇ ရက်နေ့မှာ ကျဆုံးသူတွေကို ဂုဏ်ပြုကြောင်းနဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကနေ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးကို ဝိုင်းဝန်းကြိုးစားသွားမှာဖြစ်ကြောင်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org