PPST အစည်းအဝေး ရက်ရွှေ့ဆိုင်း

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU မတက်ရောက်နိုင်တာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေ ၂၀၁၈၊ အောက်တိုဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တေ့ွဆုံဆွေးနွေးကြစဉ် Photo: Aung Moe Myint/ RFA

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU မတက်ရောက်နိုင်တာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပဖို့ အရင်က စီစဉ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အဖွဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ KNU က လက်တလော ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်မှုကို ရပ်နားပြီး ငြိမ်းချမ်းရေးဆွေးနွေးနေမှု အခြေအနေတွေကို အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် PPST အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်တာလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲက ရရှိလာတဲ့ ရလဒ်တွေကို ပြန်လည်ဆွေးနွေးဖို့ PPST အစည်းအဝေးခေါ်ယူထားတာဖြစ်ပါတယ်။

ဒါ့အပြင် အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ PPST အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အစည်းအဝေး ပြန်လည်ကျင်းပမယ့်ရက်ကို အတိအကျ မသတ်မှတ်ရသေးဘဲ KNU အဖွဲ့တွင်း အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း နိုဝင်ဘာ ၁၂ ရက်နေ့ ဝန်းကျင်မှာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

KNU အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ NRPC ရုံးမှာ ကျင်းပခဲ့တဲ့ UPDJC အလုပ်အဖွဲ့အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

အလားတူ PPST အဖွဲ့ ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေး အဆင့်ဆင့်ကို ပါဝင်တက်ရောက်ရေး ပြန်လည်သုံးသပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org