လက်ရှိအကြပ်အတည်းဟာ တိုင်းပြည်ပျက်စီးရေးကို ဦးတည်နေပြီလို့ PPST ပြော
လက်ရှိ မြန်မာနိုင်ငံဟာ ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေတယ်လို့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
- 2021-11-06
-
-
-
လက်ရှိ မြန်မာနိုင်ငံဟာ ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေတယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနဲ့ ကရင်နီဒေသတွေမှာ အာဏာသိမ်းစစ်တပ်က ပြည်သူ့အိုးအိမ်တွေ၊ ဘာသာရေး အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ကျူးလွန်သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
PPST အနေနဲ့ ကုလသမဂ္ဂက အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ကို ကြိုဆိုကြောင်းနဲ့ သူ့ရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေမှာ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးရရှိဖို့အတွက် PPST က ဝိုင်းဝန်းကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးနဲ့ ဖက်ဒရယ်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ သဘောထားတွေကို စုစည်းနိုင်ဖို့ PPST ရဲ့ ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။