ABSDF အဖွဲ့ဝင်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ PPST တောင်းဆို

2021.11.04
ABSDF အဖွဲ့ဝင်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ PPST တောင်းဆို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ၂၀၂၁၊ နိုဝင်ဘာ ၄ ရက် ဒီနေ့ အွန်လိုင်းကတစ်ဆင့် ကျင်းပစဉ်
Photo: NCA-S-EAO

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ မြဝတီဆက်ဆံရေးရုံး အဖွဲ့ဝင် တွေကို စစ်တပ်က ဖမ်းဆီးသွားတာဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်လို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ PPST ခေါင်းဆောင် နိုင်အောင်မင်းက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ ABSDF ရဲ့ မြဝတီရုံးကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ခံအပါအဝင် အဖွဲ့ဝင်လေးဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

"ဆက်ဆံရေးရုံးနဲ ရုံးအဖွဲ့ဝင်တွေဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့ နှစ်ဘက်သဘောတူ ခန့်အပ်ထားတဲ့ သံတမန်ကဲ့သို့ ဆက်ဆံရေး အရာရှိများဖြစ်တဲ့အပြင် ၎င်းတို့အား အကာကွယ်ပေးရမည်ဟု NCA စာချုပ်မှာ ပြဋ္ဌာန်းထားတာကြောင့် ဒီလုပ်ဆောင်ချက်ဟာ NCA စာချုပ်ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်" လို့ နိုင်အောင်မင်းက ဆိုပါတယ်။

နိုဝင်ဘာ ၄ ရက် ဒီကနေ့မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို အွန်လိုင်းကနေတစ်ဆင့် ကျင်းပနေတာ ဖြစ်ပြီး အဲဒီအစည်းအဝေးမှာ PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နှစ်ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးဟာ PPST ရဲ့ ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာ၊ NCA-S EAO တွေရဲ့ အနာဂတ်စုဖွဲ့မှု၊ PPST ရဲ့ နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ PPST က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။